ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားသုံးဦးနှင့် အလုပ်ရှင်အား ပစ်သတ်ခဲ့သူကို ဖမ်းမိ

0
2384

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် မြန်မာအလုပ်သမားသုံးဦးနှင့် ထိုင်းအလုပ်ရှင်တစ်ဦးတို့ကို သေနတ်ဖြင့် အချက်ရေများစွာ ပစ်သတ်သွားသော ထိုင်းနိုင်ငံသားတစ်ဦးကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဇူလိုင်လ ၁၆ရက်နေ့က ချွန်ဖော်ခရိုင် ဆဝီဒေသ တောင်ခြေရှိ ရော်ဘာတောထဲတွင် ပစ်သတ်ခဲ့ပြီးနောက် သေနတ် သမားသည် ထိုင်းအလုပ်ရှင်၏ ပစ်ကပ်ကားကို ယူဆောင်ကာ စူရတ်ဌာနီခရိုင်သို့ ထွက်ပြေးလာခဲ့ကြောင်း ဆိုသည်။

ယင်းနောက် စူရတ်ဌာနီခရိုင် ကန်ကျနဒစ်ဒေသတွင် ကားမှောက်သဖြင့် ကားကို ထားခဲ့ပြီး ချိုင်ဘူရီဒေသသို့ သွားရောက် ပုန်းခိုနေခဲ့ကြောင်း ရေးသားထားသည်။

ဇူလိုင်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတွင် သေနတ်သမား၏ ဖုန်းစင်ကနယ်ကို ခြေရာခံကာ ရဲတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်ဖြင့် သွားရောက် ဖမ်းဆီးခဲ့ပြီး ချိုင်ဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

သေနတ်သမားသည် အသက် ၄၄ နှစ်အရွယ်ရှိသော ထိုင်းနိုင်ငံသားတစ်ဦးဖြစ်ပြီး သေဆုံးသွားသော ထိုင်းအလုပ်ရှင်နှင့် ခြံနီးစပ်များဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။

မြန်မာအလုပ်သမားများက ၎င်းခြံအတွင်းမှ ရော်ဘာချေးများကို အမြဲခိုးယူလေ့ရှိသဖြင့် ပစ်သတ်မည်ဟု သတိပေးခြိမ်းခြောက်ခဲ့ဖူးကြောင်း သေနတ်သမားက ရဲတပ်ဖွဲ့သို့ စွပ်စွဲထွက်ဆိုချက်ပေးထားသည်။

ထိုင်းအလုပ်ရှင်နှင့်လည်း ခြံကိစ္စနှင့်ပက်သက်၍ စကားများထားဖူးသည်ဟု ထွက်ဆိုကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများကို ယင်းနေရာက ထွက်သွားကြရန်လည်း သတိပေးခြိမ်းခြောက်ထားကြောင်းလည်း ဝန်ခံထွက်ဆိုချက်ပေးထားကြောင်း သတင်းများတွင် ရေးသားထားသည်။

အခင်းဖြစ်သောနေ့တွင် ၎င်းသည် ခြံအတွင်းသို့ ဝင်ရောက်ပြီး အလုပ်သမားအခန်းတွင်ရှိနေသော အသက် ၅၁ နှစ်အရွယ်နှင့် အသက် ၃၄ နှစ်အရွယ်ရှိသော မြန်မာအလုပ်သမားနှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဆိုသည်။

ပစ်သတ်ပြီးနောက် ပြန်လည်ထွက်လာရာ လမ်းတွင် ဆိုင်ကယ်ဖြင့်လာနေသော အသက် ၄၀ အရွယ်ရှိ မောင်စိုးကို တွေ့ရှိခဲ့ရသဖြင့် ပစ်သတ်ခဲ့ပြီး ဆိုင်ကယ်နှင့်အတူ မီးရှို့ထားခဲ့ကြောင်း ဝန်ခံချက်ကို ဖော်ပြထားသည်။

ယင်းနောက် ယခင်က သတိပေးခြိမ်းခြောက်ခဲ့ဖူးသော နောက်ထပ်မြန်မာမိသားစု သုံးဦးနေထိုင်ရာ အဆောင်သို့ ထပ်မံသွားရောက်ခဲ့သော်လည်း လူတစ်ဦးမျှ မတွေ့ရှိရသဖြင့် ခွေးကို ပစ်သတ်ခဲ့ကြောင်း ဆိုသည်။

နောက်ထပ် ခြံတစ်ခုအတွင်း ရေပိုက်ပြင်နေသော ထိုင်းအလုပ်ရှင်ထံသို့ ထပ်မံသွားရောက်ကာ သေနတ်ဖြင့် အချက်ရေများစွာ ပစ်သတ်ခဲ့ပြီးနောက် အလောင်းကို အုန်းလက်ဖြင့် ဖုံးထားခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းနောက် အနက်ရောက်ပစ်ကပ်ကားဖြင့် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ထိုင်းသေနတ်သမားသည် ယခင်က မူးယစ်ဆေးသုံးဖူးသူဖြစ်ပြီး လက်ရှိအချိန်တွင် လူသတ်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုများဖြင့် အရေးယူထားကြောင်း သတင်းတွင်ဖော်ပြထားသည်။

Ref: Thairath, Khaosod Online