တနင်္သာရီတိုင်းတွင် မိုးသက်လေပြင်းကျရောက်၊ လူတစ်ဦးသေဆုံး

0
3057

တနင်္သာရီတိုင်းအတွင်း နေရာအချို့တွင် ယခုရက်ပိုင်းအတွင်း မိုးသက်လေပြင်းများကျရောက်ပြီး သစ်ပင်လဲခြင်း၊ မြေပြိုခြင်း၊ ရေကြီးရေလျှံခြင်းတို့ ဖြစ်ပွားလျက်ရှိသည်။

ယနေ့(ဇူလိုင် ၁၈) မနက်ပိုင်းတွင် တနင်္သာရီတိုင်းအတွင်း မိုးသက်လေပြင်းများ ထပ်မံကျရောက်ခဲ့ပြီး မြိတ်မြို ကလွင်ကျွေးရွာအုပ်စု  ရှားတော၀ရပ်ကွက်တွင် အမျိုးသားတစ်ဦး အုန်းပင်ပိ၍ သေဆုံးခဲ့သည်။

လတ်တလော မြေနိမ့်ရပ်ကွက်အချို့၊ မြို့တွင်းလမ်းအချို့နှင့် ကမ်းနားလမ်းတို့တွင်လည်း ရေကြီးရေလျှံနေသည်။

ယင်းအပြင် ကော့သောင်းမြို့ရှိ အေးရိပ်ငြိမ်နှင့် သီရိမြိုင်ရပ်ကွက်တို့တွင် လမ်းပေါ်ရေလျှံခြင်း၊ နေအိမ်ထဲ ရေစီးဝင်းခြင်းတို့ဖြစ်ပေါ်နေပြီး ရွှေဟင်္သာရပ်ကွက်တွင်မူ မြေပြိုမှုအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကပြောဆိုသည်။

“ကြီးကြီးမားမားတော့ မဟုတ်သေးပါဘူး။ ရွှေဟင်္သာရပ်ကွက်ကျတော့ ပင်လယ်ကမ်းစပ်ဆိုတော့ သူကတော့ပြောလို့မရဘူး” ကော့သောင်းမြို့ရှိ ပရဟိအဖွဲ့တာဝန်ရှိသူတစ်ဦးကဆိုသည်။

ညောင်ရမ်းတောင်ရပ်ကွက် မျှော်အင်းလမ်းသွယ်ထဲရှိ နေအိမ်တစ်ဆောင်ပေါ်သို့လည်း သစ်ပင်လဲကျခဲ့သည်။

ထားဝယ်ခရိုင်ရှိ အခြားမြို့နယ်တို့တွင်လည်း လေပြင်းကြောင့် သစ်ပင်လဲကျခြင်း၊ အိမ်ခေါင်မိုး လန်ခြင်းတို့ ဖြစ်ပွားနေသည်။

“အခုလည်း မိုရောလေပါ တစ်အားကြမ်းတယ်။ အပြင်တောင်မထွက်ရဲဘူး” ဟု ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးက ယနေ့ နံနက် ၁၀ နာရီကျော်အချိန်က ပြောဆိုသည်။

ထားဝယ်မြို့တွင်မူ လေပြင်းကြောင့် ‌လူနေအိမ်နှင့် အဆောက်အဦးများပေါ်သို့ သစ်ပင်လဲကျခဲ့သည်မှာ နှစ်ရက်ဆက်ရှိနေပြီဖြစ်သည်။

ဇူလိုင်လ ၁၇ ရက်ကလည်း ပုံကျွန်းရပ်ကွက် ပုံကျွန်းလမ်းနှင့် သမာဓိလမ်းတွင်လည်းကောင်း၊ ဆန်းချီရပ်ကွက်နှင့် ဝံကျွန်းထိန်သစ်ရပ်ကွက် တို့တွင် နေအိမ်၊ အဆောက်အအုံတို့အပေါ် သစ်ပင်လဲကျခြင်းတို့ဖြစ်ပွားခဲ့သည်။

မိုးသက်လေပြင်းများကျရောက်ပါက လျှပ်စစ်ဓာတ်အားပေးတိုင်များကျိုးကျခြင်း၊ ဓာတ်ကြိုးများပြတ်ကျခြင်းတို့ ဖြစ်နိုင်သဖြင့် သတိပြုနေထိုင်ရန် အရေးကြီးကြောင်း အရေးပေါ် ကူညီပေးနေသူများကဆိုသည်။

တနင်္သာရီတိုင်းရှိနေရာအချို့သည် မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းပါက မြေပြိုမှုလည်းဖြစ်ပွားလေ့ရှိသည်။

တိုင်းအတွင်း ယခုကဲ့သို့ မိုးသက်လေပြင်းများကျရောက်နေခြင်းမှာ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း “တာလင်း” ၏ ရိုက်ခတ်မှုတို့ကြောင့်ဖြစ်ကြောင်း မိုးဇလ ထုတ်ပြန်ချက်များအရ သိရသည်။

အပူပိုင်းမုန်တိုင်း တာလင်း၏အရှိန်ကြောင့် ဇူလိုင်လ ၂၀ ရက်နေ့အထိ တနင်္သာရီတိုင်းတွင် မိုးပိုမိုရွာသွန်းနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇ‌လဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်ထားသည်။

ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းကြီးနိုင်ပြီး အလှိုင်အမြင့် ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။