ရေဖြူတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦးကျဆုံး

0
3429

ရေဖြူမြို့နယ် ဧကနိကျေးရွာတွင် ဇူလိုင်လ ၁၅ ရက် နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်းသိရသည်။

ဇူလိုင်လ ၁၅ ရက် နေ့လယ် ၂ နာရီဝန်းကျင်ခန့်တွင် ဧကနိရွာနှင့် ခမောင်းရွာကြားက လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများကြားရကြောင်း ဒေသခံများကဆိုသည်။

ကျဆုံးရဲဘော်နှစ်ဦးအနက် တစ်ဦးမှာ ကံပေါက်ဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KBDF) မှ အသက် ၂၃ အရွယ် ရဲဘော်တွပ်ပီဖြစ်ကြောင်း ယင်းအဖွဲ့ကထုတ်ပြန်သည်။

နောက်တစ်ဦးမှာ KBDF တပ်ဖွဲ့၏ မဟာမိတ်အဖွဲ့တစ်ခုမှ ရဲဘော်တစ်ဦးဖြစ်ကြောင်းဆိုသည်။

မဟာမိတ်တပ်ဖွဲ့မှ ကျဆုံးရဲဘော်နှင့်ပတ်သက်ပြီး ကျဆုံးကြောင်းကိုသာ ရေဖြူအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အတည်ပြုပေးပြီး အသေးစိတ်အချက်အလက်ကိုမူ ပြောဆိုခြင်းမရှိသေးပေ။

“ရဲဘော်တွပ်ပီက KBDF မှာတော့ ပထမဆုံးကျဆုံးတဲ့ရဲဘော်ပါ” ဟု ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ရဲဘော်တစ်ဦး ကပြောသည်။

၎င်းကျဆုံးရဲဘော်နှစ်ဦး၏ စျာပနကို ဇူလိုင်လ ၁၆ ရက်နေ့တွင် သက်ဆိုင်ရာအဖွဲ့များက ပြုလုပ်ပေးခဲ့သည်ဟုဆိုသည်။

ဇူလိုင်လထဲတွင် ထားဝယ်ခရိုင်အတွင်း ကျဆုံးသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၅ ဦး ရှိပြီဖြစ်သည်။

စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးသူများရှိကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပြောဆိုကြသည်။