ထိုင်းတွင် အဖမ်းခံခဲ့ရသော ရွှေ့ပြောင်းကျောင်သား တစ်ရာကျော်တွင် ၆၀ ခန့် မြန်မာနိုင်ငံပြန်ပို့

0
1746

ထိုင်းနိုင်ငံ အန်ထောင်းခရိုင်ရှိ စာသင်ကျောင်းတွင် ပညာသင်ကြားနေသော မြန်မာတိုင်းရင်းသား ကလေးငယ် တစ်ရာကျော်တွင် ၅၉ ဦး နေရပ်ပြန်လည်ပို့ဆောင်ခဲ့ပြီး ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ကလေးများ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မှုနှင့် ပတ်သက်၍ ဇူလိုင်လ ၁၁ ရက်နေ့က ချင်းရိုင်တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲသို့ ဘန်ကောက်မြို့ အမေရိကန်သံရုံးကလည်း ပူးပေါင်းပါဝင်ဆွေးနွေးလာခဲ့ကြောင်း ဖော်ပြထားသည်။

အစည်းအဝေးကို ပညာရေးဝန်ကြီးဌာန၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းလုံခြုံရေးဆိုင်ရာရုံး၊ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးနှင့်ဘန်ကောက်မြို့ အမေရိကန်သံရုံးများသည် နေရပ်မပြန်ပဲ ကျန်ရှိနေသေးသော ကလေးများအတွက် မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်ကို ဆွေးနွေးခဲ့ကြကြောင်း‌ ဖော်ပြထားသည်။

ဇွန်လအစောပိုင်းတွင် အန်ထောင်းခရိုင်ရှိ Thairath Wittaya 6 ကျောင်းတွင် မြန်မာကလေးငယ် ၁၂၆ ဦး ပညာသင်ကြားနေကြောင်း တိုင်ကြားမှုရရှိခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးစစ်ဆေးကာ နေရပ်ပြန်လည်ပို့ဆောင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

ကလေးငယ်များသည် အခါတိုင်းရင်းသားများဖြစ်ကြောင်း ဖော်ပြထားသော်လည်း မြန်မာနိုင်ငံ မည်သည့်ဒေသက မည်သို့ လာရောက်ကြသည်ကို ဖော်ပြထားခဲ့ခြင်းမရှိပေ။

ကလေးများကို အန်ထောင်ရဲတပ်ဖွဲ့က လူဝင်မှုကြီးကြပ်ရေးအရာရှိများထံသို့ လွှဲပြောင်းခဲ့ပြီးနောက် နေရပ်ပြန်လည်ပို့ဆောင်နေခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်အထိ ကလေးငယ် ၅၉ ဦး၏ မိဘများ လာရောက်ခေါ်ယူပြီးဖြစ်သဖြင့် နေရပ်ပြန်ပို့ပေးပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ကျန်ကလေးငယ် ၆၇ ဦးမှာ မိဘများနှင့် အဆက်အသွယ်မရရှိသေးသဖြင့် နေရပ်ပြန်ပို့နိုင်ခြင်းမရှိသေးကြောင်း တစ်ချို့ဆွေမျိုးများက လာရောက်ခေါ်ယူရန် ကြိုးစားသော်လည်း စာရွက်စာတမ်း မပြသနိုင်သေးသဖြင့် ကျန်ရှိနေသေးကြောင်း ဖော်ပြထားသည်။

ဆွေးနွေးပွဲတွင် ကလေးသူငယ်အခွင့်အရေးကို ထည့်သွင်းစဉ်းစားသင့်ပြီး ကလေးများ၏ ပညာရေးနှင့် ပတ်သက်၍ တရားဝင်ရရှိရေး နည်းလမ်းရှာဖွေရန် တွေ့ဆုံခြင်းဖြစ်ကြောင်း နိုင်ငံတော်ဒုရဲမှူးချုပ် ဆူရာချက်က ပြောကြားခဲ့သည်။

ကလေးငယ်များသည် ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများဖြစ်စေ ထိုင်းနိုင်ငံတွင် မွေးဖွားသည်ဖြစ်စေ ပညာသင်ကြားခွင့် ရရှိကြမည်ဖြစ်သော်လည်း ထိုကလေးငယ် ၁၂၆ ဦးသည် အဆိုပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိဟု ၎င်းက တုံ့ပြန်ပြောဆိုထားသည်။

ကျန်ရှိနေသော ကလေးငယ်များသည် ထိုင်းနိုင်ငံတွင် ပညာသင်ကြားရန် ဆန္ဒရှိပါက အခြေခံပညာဌာနက ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကလေးမိဘ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

မိဘများနှင့် အဆက်သွယ်မရရှိသေးဘဲ ကျန်ရှိနေသေးသော ကလေးငယ်များကို ချင်းရိုင်အစိုးရ၏ အုပ်ထိန်းမှုအောက်တွင် ထိန်းသိမ်းစောက်ရှောက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကလေးငယ်ကိစ္စများနှင့် ပက်သက်၍ ယခုအပတ်အတွင်း အပြီးသတ် ဆောင်ရွက်သွားမည်ဟုဆိုသည်။

လက်ရှိတွင် ထိုင်းနယ်စပ် စာသင်ကျောင်းများ၌ မြန်မာကျောင်သားကလေးငယ် ၇၀၀၀၀ မှ ၈၀၀၀၀ ခန့်အထိရှိနေကြောင်း သိရသည်။

Ref: Thai PBS World