ရေဖြူ ဖောင်းတောရွာတွင် အမျိုးသမီးလေးဦးအဖမ်းခံရ

0
2109

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဖောင်းတောရွာ၌ ဇွန်လ ၂ဝရက် ညပိုင်းတွင် အသက် ၄၀နှင့် ၅၀ ကြားအရွယ်ရှိ အမျိုးသမီးလေးဦးကို မောရဝတီရေတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားကြောင်း ရွာသားများထံက သိရသည်။

ဇွန်လ ၂ဝရက် ည ၇ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်သားများ ဖောင်းတောကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး အမျိုးသမီးလေးဦးကို ဖမ်းဆီးပြီးနောက် ည ၁၀ နာရီဝန်းကျင်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ရွာသားများက ပြောသည်။

အဖမ်းခံရသူများမှာ ဒေါ်စုဝေ၊ ဒေါ်နှင်းမြင့်နှင့် ညီအစ်မများဖြစ်ကြသည့် ဒေါ်မီးချို၊ ဒေါ်မီးလေးတို့ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ဇွန်လ ၁၉ ရက်နေ့က ပန်းသပိတ်လုပ်တုန်းက အွန်လိုင်းပေါ်မှာတင်ထားတဲ့ ပုံတွေနဲ့ လိုက်လာပြီးဖမ်းသွားတယ်” ဖောင်းတောကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါအမျိုးသမီးလေးဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးကာ မည်သည့်နေရာတွင်စစ်ဆေးနေသည်တို့ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖမ်းဆီးခံရသူလေးဦးအနက် ဒေါ်စုဝေသည် စစ်အာဏာသိမ်းပြီး လပိုင်းအကြာတွင် ၎င်း၏ညီမဖြစ်သူနှင့်အတူ စစ်ကောင်စီတပ်၏ ခေါ်ယူစစ်ဆေးခြင်းခံရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ကြောင်းဒေသခံတို့က ဆိုသည်။

ဇွန် ၁၉ ရက် ညတွင်လည်း ကံပေါက်ကျေးရွာက ပုဂ္ဂလိက မူကြိုကျောင်းပိုင်ရှင် ဇနီးမောင်နှံကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသေးသည်။

ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက် ၂ရက်အတွင်း ကံပေါက်ရွာနှင့် ဖောင်းတောရွာတို့တွင် စစ်ကောင်စီတပ်ကဖမ်းဆီးစစ်ဆေးနေသူ ခြောက်ဦးရှိနေပြီး တစ်ဦးမျှပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပေ။