မြန်မာစစ်ခေါင်းဆောင်များ တာဝန်ခံမှု ရှိလာစေရေး အာဆီယံ ကြိုးပမ်းသင့်ဟု ကုလအထူးကိုယ်စားလှယ်ဆို

0
2384

အာဆီယံနိုင်ငံများအနေနှင့် မြန်မာစစ်အာဏာရှင်များအား တာဝန်ခံမှုရှိစေရန် အစီအမံများချမှတ်နိုင်ရေး စဉ်းစားရမည်ဟု မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အင်ဒရူးစ်က ယနေ့ (ဇွန် ၂၁)တွင် တိုက်တွန်းပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံအနေနှင့် ပိတ်မိနေဆဲ ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် မြန်မာစစ်အုပ်စု နှင့် အာဆီယံအကြား သဘောတူညီချက် ငါးချက် ပါဝင်သည့် ငြိမ်းချမ်းရေး စီမံချက်ကို အကောင်အထည် ဖော်ရေးတွင် တိုးတက်မှု တစိုးတစိမျှ မတွေ့ရသည့်အတွက် အာဆီယံအနေနှင့် မြန်မာစစ်ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံမှု မပြုသင့်ကြောင်း အင်ဒရူးစ် က မှတ်ချက်ပြုခဲ့သည်။

“(အာဆီယံအနေနဲ့) တော်တော်လေးကို ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတဲ့အရာကို ချိုးဖျက်နိုင်ဖို့ရာ အခြားသော ရွေးချယ်စရာတွေကို စဉ်းစားဖို့ အချိန်တန်နေပါပြီ” ဟု အင်ဒိုနီးရှားနိုင်ငံ ၊ ဂျကာတာတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အင်ဒရူးစ် ကပြောကြားခဲ့သည်။

“အာဆီယံအနေနဲ့ မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပြင် ငြိမ်းချမ်းရေး သဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရေးမှာ ပြောင်ပြောင်တင်းတင်း လျစ်လျူရှုမှုတွေအပေါ် တာဝန်ခံမှု ရှိလာစေဖို့အတွက် အစီအမံတွေ ချမှတ်ဖို့ စဉ်းစားသင့်နေပါပြီ” ဟုလည်းပြောဆိုလိုက်သည်။

အဆိုပါ သဘောတူညီချက် ငါးချက်ပါ ငြိမ်းချမ်းရေး စီမံချက်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ ဘေးကင်းလုံခြုံသော လူသားချင်းစာနာထောက်ထားမှုရရှိရေး နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ရာ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရေး စသည်တို့ကို တောင်းဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ၊ နိုဝင်ဘာလတွင် အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်တပ်အား သတိပေးချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါ စီမံချက်ကို အကောင်အထည်ဖော်မှု လုပ်ငန်းစဉ် နှင့် ပတ်သက်ပြီး “တိကျသောအချိန်ဇယားဖြင့် တိကျသေချာသော၊ လက်တွေ့ကျကျ တိုင်းတာနိုင်သော အညွှန်းကိန်းများ” လိုအပ်ကြောင်း နိဂုံးချုပ်ခဲ့သည်။

သို့သော် အဆိုပါ လုပ်ငန်းစဉ်၏ တိုးတက်မှု တစိုးတစိမျှ မရှိခြင်းနှင့် အတိုက်အခံများအပေါ် မြန်မာစစ်တပ် က အရှိန်မြှင့်တိုက်ခိုက်ခြင်းကြောင့် ကမ္ဘာ့အလယ် စိတ်ပျက်စရာများသာ ကြီးထွားလာခဲ့သည်။

မြန်မာစစ်ခေါင်းဆောင်များသည် အာဆီယံ ထိပ်သီးအဆင့် အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခံထားရသော်လည်း ယခု သီတင်းပတ်တွင်း ထိုင်းအိမ်စောင့်အစိုးရ က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် စစ်ခေါင်းဆောင်များကို ပါ ဖိတ်ခေါ်ပြီး မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ခဲ့သည်။

သို့သော် အာဆီယံ၏ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှား အပါအဝင် အာဆီယံတွင်း အဓိကနိုင်ငံ အချို့က တက်ရောက်ရန် ငြင်းဆိုခဲ့သည်။

အဆိုပါ အနေအထား နှင့် ပတ်သက်ပြီး “ ဒီဆွေးနွေးပွဲ ကို တက်ရောက်တာဟာ မြန်မာစစ်တပ်ကို အစိုးရတစ်ရပ်အဖြစ် တရားဝင်ကြောင်း သတ်မှတ်နိုင်ဖို့ရာ အတည်ပြုပေးလိုက်တဲ့ လက္ခဏာ အပြင် အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်တဲ့ အန္တရာယ် ဖြစ်လာစေနိုင်ပါတယ်” ဟု အင်ဒရူးစ်က ပြောကြားခဲ့သည်။

Reference ● Reuters ● The Straits Times