ထားဝယ်ထောင်တွင်း ထိရောက်သော ဆေးကုသခွင့် အလိုရှိသည်

0
861

သေနတ်ဖြင့် အပစ်ခံခဲ့ရစဉ်က သေသွားသည်က ပိုကောင်းဦးမည်ဟု ကိုဝေယံဖြိုး မကြာခဏ ညည်းတွားလေ့ရှိသည်။

လက်ရှိ ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျနေသော အသက် ၁၈ နှစ် ဝန်းကျင်ရှိ ကိုဝေယံဖြိုးမှာ စစ်တပ်အာဏာသိမ်းမှုအပြီး ဆန္ဒပြသပိတ်စစ်ကြောင်းများတွင် ပါဝင်ခဲ့သည်။ ယင်းနောက် ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့က ထားဝယ်မြို့အနီးရှိ လယ်တဲ တစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခံခဲ့ရသူ ဖြစ်သည်။

ကျည်ဆန်ထိမှန်ထားသည့် လက်မောင်းအတွင်းရှိ အရိုးကျိုးကြေနေပြီး စတီးရိုးထည့်ရန် လိုအပ်နေသော်လည်း ဒီဇင်ဘာလအထိ ထိရောက်သည့် ဆေးကုသခွင့်မရဖြစ်နေသည်။

ထားဝယ်အကျဉ်းထောင်သို့ သေနတ်ဒဏ်ရာ၊ စစ်ကြောရေးမှ ဒဏ်ရာများဖြင့် ရောက်လာသူ အခြားနိုင်ငံရေးအကျဉ်းသားများမှာလည်း ဆေးကုသခွင့်အပြည့်အဝမရဘဲ အကျဉ်းသား အခွင့်အရေးများ ဆုံးရှုံးနေကြောင်း ထားဝယ်ထောင်တွင် နေထိုင်ခဲ့ဖူးသော အကျဉ်းသား ၁၀ ဦးခန့်ကို ဆက်သွယ်မေးမြန်းချက် အရသိရသည်။

ကိုဝေယံဖြိုးကဲ့သို့ သေနတ်ဒဏ်ရာ အပြင် သားအိမ်တွင် အလုံးတည်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အူလမ်းကြောင်း ပိုးဝင် အော့အန်ခြင်း၊ ခေါင်းထိ ဒဏ်ရာ ရခြင်း စသည့် အကျဉ်းသား လူနာများမှာ ထားဝယ် အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးကုသခွင့်မရသဖြင့် အကျဉ်းကျနေသည့် သူနာပြု၊ ကျန်းမာရေးမှူးတို့၏ အကူအညီဖြင့် ကုသနေရကြောင်း စုံစမ်း သိရှိရသည်။

ပဲအီးဟု ရင်းနှီးသူများက ခေါ်ကြသော ကိုဝေယံဖြိုး၏ ဒဏ်ရာမှာ အချင်းချင်း ဆေးထည့်၊ မပြုစုပေးပါက လက်တစ်ဖက် ဆုံးရှုံးသွားနိုင်ပြီး အသက်ဘေးနီးနိုင်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလက လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသော ကျန်းမာရေးမှူး တစ်ဦးက ပြောဆိုသည်။

ကိုဝေယံဖြိုးကို ဖမ်းဆီးလာပြီးနောက် စတီးရိုးထည့်ရမည့် လက်မောင်းကို အပြင်ဘက်မှ သံဖရိန်နှစ်ခုဖြင့် ယာယီထိန်းပေးထားပြီး ကျည်ဆန်ထုတ်ထားသည့် နေရာကိုလည်း ခွဲစိတ်ထားရသည်။ ကျည်ဆန်ခွဲထုတ်ထားသည့်နေရာ အတွင်းဘက်တွင် ပြည်များလိုက်နေပြီး ရာသီအေးသည့် ညများတွင် ဒဏ်ရာအရှိန်ကြောင့် ကောင်းစွာ မအိပ်စက်နိုင်ဘဲ ညည်းတွားအော်ဟစ်နေရကြောင်း ထောင်အတွင်း ကိုဝေယံဖြိုး၏ ဝေယျာဝစ္စများ လုပ်ကိုင်ပေးခဲ့ဖူးသူ လူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

“အခုနောက်ဆုံး သူ့ရဲ့ ဒဏ်ရာအနေအထားက ပုပ်ပွနေပြီးတော့ အနံ့ဆိုးတွေလည်း ထွက်နေတယ်” ဟု ၎င်းက ဆိုသည်။ သူမှာ အောက်တိုဘာလက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်ပြီး သူနောက်ဆုံး တွေ့မြင်ခဲ့ရသည့် အခြေအနေကို ပြန်လည်ပြောပြခြင်းဖြစ်သည်။

နှစ်ရက်သုံးရက်ကြာ တစ်ကြိမ် ပတ်တီးလဲ ဆေးထည့်ပေးခြင်း၊ ညဘက် မခံမရပ်နိုင်အောင် ကိုက်ခဲလာပါက ထောင်အာဏာပိုင်များက အကိုက်အခဲဆေးတစ်လုံး ထိုးပေးခြင်းတို့ဖြင့် သံသရာလည်နေကြောင်း ထောင်အတွင်း အတူနေခဲ့သူများထံမှ သိရသည်။

ထောင်အာဏာပိုင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်ပါက သူ့ကို ဆေးရုံကို တက်ခွင့်ပေးရန် ကောင်းမွန်စွာ ကုသပြီး လက်မောင်းအတွင်း စတီးရိုး ထည့်ပေးရန် လိုအပ်နေသည့် ကိုဝေယံဖြိုးက တောင်းဆိုလေ့ရှိကြောင်း လူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းက ဆိုသည်။

အလားတူ ထားဝယ်အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသား မစုလှိုင်နွေးမှာလည်း သားအိမ်တွင် အလုံးတည်နေပြီး မကြာခဏ သွေးဆင်းခြင်း၊ မကြာခဏ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စသည့် ဝေဒနာများကိုခံစားနေရသော်လည်း ဒီဇင်ဘာလအတွင်းမှသာ ဆေးရုံပြခွင့်ရသည်ဟု ၎င်း၏ အစ်မဖြစ်သူက ပြေသည်။

မစုလှိုင်နွေးမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြပွဲများတွင် တက်ကြွလှုပ်ရှားသူအဖြစ် ပါဝင်ခဲ့ပြီးနောက် မေလကုန်တွင် ထားဝယ်မြို့ရှိ စားသောက်ဆိုင် တစ်ခုတွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

အသက် ၂၆ နှစ်အရွယ် မစုလှိုင်နွေးကို စစ်ကောင်စီက ၅၀၅(က)၊ ၅၀၅(ဂ)၊ ၅၂(က) အမှု ၃ ခုဖြင့် တရားစွဲဆိုထားကြောင်း ထားဝယ်နိုင်ငံရေးအကျည်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။

၎င်းကို ဒီဇင်ဘာလအတွင်းက ဆေးရုံသွားပြခဲ့သည်ဟုဆိုသော်လည်း အိမ်ကို အကြောင်းကြားခြင်း မရှိဘဲ ဆေးစစ်ပြီးနောက် ပြန်ခေါ်သွားသည်ဟု နောက်ပိုင်းမှ သိရကြောင်း မိသားစုဝင်တို့ ထံမှ သိရသည်။ ရုံးထုတ်ရက်များတွင်လည်း မစုလှိုင်နွေးနှင့် တွေ့ခွင့်မရခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

“ မိသားစုနဲ့လည်း ဝင်တဲ့နေ့ကတည်းက အခုထိ တစ်ခါမှ တွေ့ခွင့်မရသေးဘူး” ဟု မစုလှိုင်နွေး၏ အစ်မဖြစ်သူက ဆိုသည်။ မစုလှိုင်နွေးတွင် ကျောက်ကပ်ရောဂါလည်းရှိပြီး မကြာခဏ ဆီးသွားတတ်သည်ဟု သိရသည်။

ထောင်ထိပ်ပိုင်းတာဝန်ရှိသူများလာလေ့ရှိသည့် အပတ်စဉ် တနင်္လာနေ့များတွင် မနက် ၇ နာရီခန့်မှ နေ့လယ် ၁၂ နာရီခန့်အထိ အချိန်ကြာမြင့်စွာ အပေါ့မသွားရသဖြင့် ရောဂါအခြေအနေ ပိုဆိုးလာပြီး ထိရောက်သည့် ဆေးကုသခွင့်လည်း မရကြောင်း မစုလှိုင်နွေးနှင့် တစ်ခန်းတည်း အတူနေခဲ့ဖူးသည့် နိုင်ငံရေးအကျဉ်းသားဟောင်း လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ သူမက အောက်တိုဘာလက လွတ်ငြိမ်းချမ်းသာဖြင့် လွတ်လာသူဖြစ်သည်။

သူမနှင့် အတူနေသည့် အခြားအကျဉ်းသူအမျိုးသမီးတစ်ဦးမှာ ထောင်အတွင်းနေထိုင်စဉ် အူလမ်းကြောင်းပိုးဝင်ကာ တပတ်ကြာ အော့အန်နေသဖြင့် ဆေးရုံတင်ပေးရန် တောင်းဆိုကြသော်လည်း ထောင်တွင်း၌သာ ကုသရင်း ပြီးဆုံးခဲ့ရသည်ဟု ဆိုသည်။

“သူ့တုန်းကလဲ ဆေးရုံတင်ပေးဖို့ သူတို့ကို ပြောသေးတယ်။ ဆေးရုံမတင်ပေးတာ၊ ရုတ်တရက်ကြီး တစ်ပတ်ဆက်တိုက် အန်နေတယ်။ အစာလုံးဝ မဝင်ဘူး၊ တပတ်ပြည့်မှ ဆရာဝန်က လာကြည့်ပေးတယ်၊ ကျန်တဲ့ရက်တွေမှာ ဆရာဝန်က လုံးဝကို လာမကြည့်ပေးတာ” ဟု သူမက ဆိုသည်။

ဆရာဝန်ကိုခေါ်ပေးရန်ပြောသော်လည်း ဆေးမှူးသာ ရောက်လာပြီး ဆေးထိုး ဆေးတိုက် ကျန်းမာရေးစောင့်ရှောက်မှုများကို နိုင်ငံရေးအကျဉ်းသူ သူနာပြုဆရာမများကသာ အချင်းချင်း စောင့်ရှောက်ပေးရကြောင်း ၎င်းက ဆိုသည်။

နိုင်ငံရေးအကျည်းသားများ ထိရောက်သည့် ဆေးကုသခွင့်မရသည့်ကိစ္စနှင့် ပက်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်ရှိ အကျည်စီးဌာနနှင့် ထားဝယ်အကျဉ်းထောင် ထောင်ပိုင်ကြီးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း မေးမြန်းခွင့်မရခဲ့ပါ။

ထားဝယ်အကျဉ်းထောင်မှ ကျန်းမာရေးမှူးတစ်ဦးကမူ အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ၉၉ ရာခိုင်နှုန်းရှိသည်ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ပေးရေး အသင်း (AAPP) ၏ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၅ ရက်နေ့အထိ ကောက်ခံရသည့် စာရင်းအရ နွေဦးတော်လှန်ရေးကာလတွင် ကျဆုံးခဲ့သူ ၁၃၀၃ ဦးရှိပြီး ဖမ်းဆီးခံထားရသူမှာ ၇၈၀၀ နီးပါးအထိ ရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ကိုဝေယံဖြိုးကတော့ ရန်ကုန်အင်းစိန်ထောင်ကို ပြောင်းရွှေ့ကာ ထိရောက်သည့် ဆေးကုသမှုခံယူရန် ထောင်အာဏာပိုင်များထံ တောင်းဆိုထားသည်ဟု သိရသည်။

နောက်ပိုင်းတွင် ကိုဝေယံဖြိုး၏ လက်ကျန်းမာရေး အခြေအနေ မဆိုးသော်လည်း ရန်ကုန်တွင် လုံလောက်သော ဆေးကုမှု ရှိရန် လိုအပ်ဆဲ ဖြစ်ကြောင်း ဒီဇင်ဘာလအတွင်း အကျဉ်းထောင်အတွင်း တွေ့ဆုံခဲ့သည့် ထားဝယ်မြို့မှ တရားလွှတ်တော် ရှေ့နေ တစ်ဦးက ဆိုသည်။

“သူ့လက်ကတော့ ကျန်းမာရေးအခြေနေကတော့ မဆိုးဘူး၊ လက်က ထားဝယ်မှာ ပြလို့ မရတော့ဘူး၊ ရန်ကုန်မှာ ဆက်ပြဖို့အတွက် ကြိုးစားပေးနေတယ်၊ ကူညီပေးနေတယ်”ဟု သူက ဆိုသည်။

အကျဉ်းထောင်တွင် လုံလောက်သည့် ဆေးကုသခွင့် မရခြင်းမှာ အကျည်းသားတစ်ယောက်၏ အခွင့်အရေး ဆုံးရှုံးနေပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု တရားလွှတ်တော်ရှေ့နေက ဆိုသည်။

၎င်းကို ၅၀၅-က၊ ပုဒ်မ ၁၉ (စ)ဖြင့် တရားစွဲဆိုထားပြီး ၎င်းအမှုကို အမှုအမိန့်ချပြီးမှသာ ရန်ကုန်တွင် ဆေးကုသခွင့်ရမည့် အခြေအနေရှိသည်။ သို့သော် ၎င်း၏ အမှုမှာ ၇ နီးပါးမျှကြာပြီးနောက် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ပြီး ဖြစ်သည်။

ကိုဝေယံဖြိုးမှာ အမိန့်ချပြီးနောက် အင်းစိန်ထောင်ကို ပြောင်းကာ ဆေးကုသခွင့်ရချင်နေသည်။
သို့သော် အင်းစိန်ထောင်ကိုပြောင်းရွှေ့ပြီးနောက် ထိရောက်သည့် ဆေးကုသခွင့်မရမည်ကို စိုးရိမ်နေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

ဇန်နဝါရီလလယ်နောက်ဆုံး အခြေအနေအရ ကိုဝေယံဖြိုး၏ လက်မောင်းမှာ အေးခဲလာသည့်ညများတွင် ကိုက်ခဲနေပြီး လက်ရှိအချိန်ထိ ပိုးသတ်ဆေး သောက်နေရဆဲဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

သို့သော် မည်သည့် အချိန်တွင် သင့်တော် ကောင်းမွန်သော ဆေးကုသခွင့် ရမည်ကို မသိရသေးပေ။

“အစတည်းက ဘာဖြစ်လို့ ငါ့ကို ရင်ဘတ်ကို တေ့ပြီးတော့ မပစ်လိုက်တာလဲ၊ ခေါင်းကို တေ့ပြီးပစ်လိုက်ရင် ငါသေသွားရင်အေးတာပဲ ဆိုတာမျိုး သူက ခံစားနေရတာပေါ့ဗျာ” ဟု ကိုဝေယံဖြိုးနှင့် ထောင်အတွင်း အတူနေထိုင်ခဲ့ရသူက ဆိုသည်။

မစုလှိုင်နွေး၏ မိခင်ကဖြစ်သူကလည်း သမီးဖြစ်သူ ထိရောက်စွာ ဆေးကုသခွင့် ရရှိရန် တောင်းဆိုသည်။

“ဆေးကုသခွင့် ထိထိရောက်ရောက် မရတဲ့ အခြေအနေမှာ အန်တီပြောချင်တာကတော့ ထိထိမိမိကို ဆေးရုံတင်ပြီး ခွဲစိတ်ချင်တယ်၊ သူတို့ကလည်း အဲလိုအဆင့်အထိ မလုပ်ပေးဘူးဆိုတော့ ကိုယ်လည်း အမြန်ဆုံးနည်းနဲ့ပဲ လွတ်မြောက်လာမှပဲ ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်ရမယ်ဆိုတော့ ဆောက်တည်ရာမရပေါ့နော်” ဟု မိခင်ဖြစ်သူက ဒေါ်လွင်လွင်ရီက ဆိုသည်။