ထားဝယ်အရှေ့တောဒေသ ဝကုန်းကျေးရွာအနီး တိုက်ပွဲဖြစ်

0
2429

ထားဝယ်အရှေ့တောဒေသ ဝကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယနေ့ နေ့လယ် ၂ နာရီခွဲမှ ၄ နာရီကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အခု ဝကုန်းနဲ့ ဗဲ့မဲ့တတ်ကြားမှာကို ကျွန်တော်တို့ပိတ်ဆို့ထားတယ်။ မနေ့ကတည်းက ဖြစ်နေတာပါ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ ညနေ ၄ နာရီခန့်တွင်ပြောဆိုသည်။

ဇွန်လ ၁၅ ရက်ကတည်းက ထားဝယ်မှ အရှေ့တောဒေသကိုဆင်းလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းမှာ ပကာရီကျေးရွာမှနေ၍ ရမ္မဇူနှင့် လိပ်ကြယ်ပြောင်ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဇွန်လ ၁၆ ရက်မှစကာ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

နှစ်ရက်ဆက်တိုက် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကြောင့် ဝကုန်းရွာမှ ဒေသခံများ နေအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင်နေသည့် ဝကုန်းရွာက အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဒီနေ့လည်း မိုးလင်း ၇ နာရီလောက်တည်းက အခုထိပစ်နေတုန်းပဲ၊ စဝင်လာတည်းက ပြေးနေရတာ၊ ရွာထဲမှာ တစ်ယောက်မှမရှိဘူး။ အခုလက်နက်ကြီးနဲ့ပဲပစ်နေတာ၊ လက်နက်ငယ်ရောပဲ၊ လက်နက်ကြီးဆို မနေ့ကတည်းက ပစ်နေတာ မနည်းဘူး” ဟု ၎င်းကဆိုသည်။

အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် မိုးကာလ ၃ လစာအတွက် ရှေ့တန်းစခန်းများထံ စစ်ကား၊ မြေသယ်ကား၊ Vigo ကား ၁၈ စီးခန့်ဖြင့် ရိက္ခာလာပို့ခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်ဖွဲ့နှင့် တွေ့ဆုံစကားပြောခဲ့ရသည့် ဒေသသတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။

“သူတို့အခုလာတာ နယ်မြေရှင်းဖို့ မဟုတ်ဘူးပေါ့နော်၊ သူတို့ရိက္ခာလာပို့တာလောက်ပဲ၊ လမ်းမှာသူတို့ အေးအေးဆေးဆေး သွားချင်တယ်ပေါ့နော်၊ ရွာသားတွေနဲ့ တွေ့ရင် ရွာသားတွေကိုမှာတယ်၊ တစ်ဆင့်ပြောပေးကြပါပေါ့နော်၊ အောက်ခြေမှာ သေကြေပျက်စီးမှုဖြစ်ရင် နှစ်ဖက်လုံးအတွက်မကောင်းတဲ့ အကြောင်း၊ သူတို့အနေနဲ့ အိမ်တွေကိုလည်း မီးမရှို့ဘူးပေါ့နော်၊ ဒါပေမဲ့ အိမ်ထဲကနေ ဝင်ပစ်တယ်၊ ရွာထဲကနေ ဝင်ပစ်တယ်ဆိုရင်တော့ သူတို့လုပ်မယ်ပေါ့ဆိုပြီး အဲ့ဒီစကားတွေတော့ အတိအလင်းပြောဆောင်သွားတယ်”ဟု အထက်ပါ သတင်းအရင်းအမြစ်က ဆိုသည်။

ထားဝယ်အရှေ့တော ဒေသကိုရိက္ခာလာပို့သည့် စစ်ကြောင်းတွင် တနင်္သာရီအခြေစိုက် ခလရ ၁၀၄ တပ်ရင်းနှင့် ခလရ ၂၈၀ တပ်ရင်းတို့ပါဝင်သည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်စစ်ကြောင်း ဝင်လာသဖြင့် ပကာရီ၊ လိပ်ကြယ်ပြောင်၊ ရမ္မဇူ၊ သရက်ငုတ်၊ သင်္ကန်းတုံး၊ ပခပ်၊ ဝကုန်းကျေးရွာများမှ ဒေသခံများထွက်ပြေးနေကြရပြီး ယခုလက်ရှိတွင် ဝကုန်းကဒေသခံများ ရွာလုံးကျွတ် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ဆိုသည်။

သင်္ကန်းတုံးကျေးရွာမှာ စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှု၊ မီးရှို့မှု၊ စစ်ဘေးရှောင်များ ဖမ်းဆီးခံရမှု၊ သတ်ဖြတ်ခံရမှုများကြောင့် နေထိုင်သူမရှိတော့ဘဲ ရွာပျက်ကြီးကဲ့သို့ ဖြစ်နေသည်မှာ လအတန်ကြာပြီဖြစ်သည်ဟု ဒေသခံများက ဆိုသည်။