တိုက်ခိုက်ခံရပြီး‌နောက် လောင်းလုံး လဝကရုံးကို ထွေအုပ်ရုံးတွင် ပြောင်းဖွင့်

0
2232
ပုံစာ - ၂၀၂၁ ခုနှစ်ကမြင်တွေ့ရသည့် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး

လောင်းလုံးမြို့နယ် လဝကရုံး ပစ်ခတ်ခံရပြီးနောက် ရုံးဟောင်းတွင်ပြန်မဖွင့်တော့ဘဲ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးထဲသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း စုံစမ်းသိရှိရသည်။

မေလ ၂၃ ရက်က လောင်းလုံးလဝကရုံးကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ပြီး နှစ်ရက်ခန့်အကြာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတွင် ပြောင်းရွှေ့ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး(မြို့နယ်အုပ်ချုပ်ရေးမှူးရုံး) မှာ မြို့မရဲစခန်းနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထဲဝင်လိုက်ပြီး တစ်ဆင့်ချိုးလိုက်ရင် အဲမှာ လဝကဌာနဆိုပြီး ဆိုင်းဘုတ်တပ်ထားတာရှိတယ်” ဟု ကိုယ်တိုင်သွား‌ရောက်ခဲ့သူ တစ်ဦးကဆိုသည်။

ရုံးပြန်ဖွင့်ပြီးနောက် မှတ်ပုံတင်ပြုလုပ်ထားသူများကို ဖုန်းဆက်ခေါ်ယူပြီး မှတ်ပုံတင်ထုတ်ပေးလျက်ရှိကြောင်း ၎င်းကဆိုသည်။

မြို့နယ်အထွေထွေ အုပ်ချူပ်ရေးရုံးထဲတွင်ဆိုပါက မှတ်ပုံတင်ပြုလုပ်မည့်သူများအတွက် အဆင်ပြေနိုင်မည်မဟုတ်ကြောင်း လောင်းလုံးဒေသခံအချို့ကဆိုသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထဲ (မှတ်ပုံတင်) သွားလုပ်ရမှာကတော့ ခပ်လန့်လန့်ပဲ။ တော်ကြာ ဒလန်ဆိုပြီးပြောခံနေရဦးမယ်” ဟု လောင်းလုံးဒေသခံတစ်ဦးက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများမှာ ဌာနဆိုင်ရာရုံးများသို့ ကိုယ်တိုင်သွားရောက်ရန် တွန့်ဆုတ်လာကြသည်ကို အခွင့်ကောင်းယူကာ ပွဲစားဆိုသူများ ပေါ်ပေါက်လာခဲ့သည်။

လက်ရှိတွင်လည်း လဝကရုံးကို ထွေအုပ်ရုံးထဲ ပြောင်းဖွင့်လိုက်ခြင်းကြောင့် ပွဲစားများသာ ပိုအဆင်ပြေလာနိုင်ကြောင်း ဒေသခံအချို့ကဆိုသည်။

“မှတ်ပုံတင်ဆိုတာက မလုပ်လို့လည်းမရဘူးလေ။ ကိုယ်တိုင်မလုပ်ရင် ပွဲစားနဲ့လုပ်။ ပွဲစားတွေက ပိုအဆင်ပြေလာတာပေါ့” ဟု လောင်းလုံးမြို့ခံတစ်ဦးကဆိုသည်။

လောင်းလုံးလဝကရုံးသည် အာဏာသိမ်းပြီးနောက်ပိုင်း သတ်မှတ်တန်ဖိုးထက်ကျော်ကာ မှတ်ပုံတင်ကြေး တောင်းခံလေ့ရှိကြောင်း ကိုယ်တိုင်မှတ်ပုံတင် လုပ်ဖူးသူအချို့ကဆိုသည်။