ထားဝယ် ဇလွန်းရွာလယ်လမ်းတွင် နေအိမ်မီးလောင်

0
1768
ဓာတ်ပုံ - ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာန

ထားဝယ်မြို့နယ်၊ ဇလွန်းရွာလယ်လမ်းတွင် ယနေ့ ဇွန်လ ၉ ရက် နံနက် ၈ နာရီခွဲက နေအိမ်တစ်လုံးမီးလောင်ကြောင်း ဇမ္ဗူသီရိအဖွဲ့နှင့် ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနတို့ထံမှ သိရသည်။

ဇလွန်းရွာရှိ ဒေါ်အေးရီ၏ နေအိမ်အပေါ်တွင်တပ်ဆင်ထားသည့် ဝါယာကြိုးမှ ဝါယာရှော့ဖြစ်ပြီး အပူလွန်ကဲကာမီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း အထက်ပါဌာနတာဝန်ရှိသူများကပြောသည်။

ပေ ၂၀ ပေ ၄၀ခန့်ရှိ သစ်သားအိမ်တစ်လုံး မီးလောင်ပြာကျသွားပြီး မိသားစုဝင်တစ်ဦးဖြစ်သူ အသက် ၂၇ နှစ်အရွယ်ရှိ မသန်းဌေးဆိုသူမှာ မူးမေ့လဲကျကြောင်း ဇမ္ဗူသီရိအဖွဲ့ဥက္ကဌဖြစ်သူဦးနိုင်မျိုးသွင်ကပြောသည်။

မူးမေ့လဲကျသည့်အတွက် ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစေပြီး နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

“သူကနှလုံးရောဂါအခံရှိလို့ပေါ်နော် မေ့လဲသွားတာ။ အခုတော့ အိမ်ပြန်ပို့ပေးခဲ့ပြီးပါပြီ”ဟု ဦးနိုင်မျိုးသွင်ကပြောသည်။

အဆိုပါမီးလောင်မှုကို ဒေသခံများ က ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ နံနက် ကိုးနာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း အထက်ပါတာဝန်ရှိသူများထံမှသိရသည်။

ပြီးခဲ့သည့်မေလ ၂၅ ရက်နေ့ ညကလည်း ထားဝယ်မြို့ ကမြောကင်းလမ်းရှိ DDPC အိမ်ယာတွင် ကားအပိုပစ္စည်းရောင်းသည့် နေအိမ်ခန်းတစ်ခုက ဝါယာရှော့ဖြစ်ကာ မီးလန့်မှု ဖြစ်ပွားခဲ့သေးသည်။