မဲအရေအတွက် မကိုက်ဟုဆိုကာ မဲဆန္ဒနယ် ၄၇ခုတွင် မဲပြန်ရေတွက်ရန် ထိုင်းရွေးကော်ညွှန်ကြား

0
2151

မဲဆန္ဒရှင်များ ပေးသည့် မဲရလဒ်နှင့် စုစုပေါင်းမဲပြားအရေအတွက် ကိုက်ညီမှုမရှိဟုဆိုပြီး ဘန်ကောက်အပါအဝင် ခရိုင်များမှ မဲဆန္ဒနယ် ၄၇ နေရာရှိ မဲရုံများတွင် မဲပြန်လည်ရေတွက်ရန် ထိုင်းရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်လာသည်။

ဇွန်လ ၁၁ ရက်တွင် မဲပြန်လည်ရေတွက်ရန် ပြင်ဆင်နေပြီး ပြန်ရေတွက်မည့် ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ များကို ပြင်ဆင်ကြရန် အကြောင်းကြားထားပြီးဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်ကယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အနိုင်ရပါတီများ၏ ရလဒ်ကို ဇွန်လအတွင်းတွင်ပင် ထုတ်ပြန်နိုင်မည်ဟု မျှော်လင့်ကြောင်း ကော်မရှင်ကဆိုသည်။

ပြန်လည်ရေတွက်မည့် ခရိုင်များသည် Move Forward ပါတီက နေရာအများဆုံးအနိုင်ရရှိထားသောမြို့တော်ဘန်ကောက်အပါအဝင် ချွန်ဘူရီ၊ ချွန်ဖော်၊ တရတ်၊ နခွန်နယွတ်၊ ပကျွတ်၊ ဖလဲ၊ လုဒ်ဘူရီ၊ စမွတ်စခွန်၊ စရဘူရီ၊ ဆူကိုထိုင်း၊ ကန်ချနဘူရီ၊ ချာချင်ဆောင်၊ ဖန်င၊ ဖတ်ခ်ျဘူရီနှင့် နော့ခိုင် ခရိုင်များပါဝင်နေသည်။

ပြန်လည်ရေတွက်မည့် မဲရုံ ၄၇ နေရာ၏ အသေးစိတ်အချက်အလက်များကို ရွေးကောက်ပွဲကော်မရှင်ကထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသော်လည်း မဲပြန်လည်ရေတွက်သည်ကို အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ပြန်လည်ရေတွက်သည့် နေရာများတွင် အောက်လွှတ်တော်အမတ်နေရာ ၁၆ နေရာနှင့် အချိုးကျခွဲဝေပေးသောအမတ်နေရာ ၃၁ နေရာရှိသည်။

ပြန်လည်ရေတွက်ရာတွင်က Move Forward အနိုင်ရထားသည့် ဘန်ကောက်က လွှတ်တော်အမတ်နေရာခြောက်နေရာ ပါဝင်နေသည်။

မဲပြန်လည်ရေတွက် ခြင်းဖြစ်ပြီး အချိုးကျခွဲဝေပေးသော အမတ်နေရာအပေါ်တွင် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြထားသည်။

Ref: The Nation, Thai PBS News