ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်သည့် အင်တာမီယာမီ ကလပ်အသင်းဆီသို့ ပြောင်းရွှေ့တော့မည်ဟု မက်ဆီ ပြော

0
2230
ဓာတ်ပုံ - GiveMeSport

ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးသည့်နောက် ကလပ်အသင်းလက်မဲ့ ကစားသမားတစ်ဦးအဖြစ်သို့ ရောက်ရှိသွားသော အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ သည် ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်သည့် အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမီယာမီထံသို့ ပြောင်းရွှေ့တော့မည်ဟု ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

မက်ဆီကို ခေါ်ယူရန် ၎င်း၏အသင်းဟောင်း ဘာစီလိုနာနှင့် ဆော်ဒီအာရေဗျလိဂ်တွင် ပါဝင်နေသော ကလပ်အသင်းများက အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပြီး မက်ဆီက အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် ယင်းကမ်းလှမ်းမှုများကို ငြင်းဆန်ပယ်ချ၍ အင်တာမီယာမီကို ရွေးချယ်သွားခဲ့ခြင်းဖြစ်သည်။

မက်ဆီနှင့် အင်တာမီယာမီအသင်းတို့အကြားတွင် နောက်ဆုံးအဆင့်အဖြစ် အပြီးသတ်စာချုပ်ချုပ်ဆိုရန်သာ ကျန်ရှိတော့ပြီး မက်ဆီမှာ ဆော်ဒီအာရေဗျကလပ်များမှနေ၍ ကမ္ဘာ့စံချိန်တင်လုပ်ခလစာဖြင့် ကမ်းလှမ်းထားသည်များကို ငြင်းဆန်ပယ်ချ၍ အင်တာမီယာမီကို ရွေးချယ်သွားခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာဥက္ကဌ လာပေါ်တာကလည်း မက်ဆီ၏ရွေးချယ်မှုနှင့် ဆုံးဖြတ်ချက်ကို ၎င်းအနေနှင့် လေးစားမှုအပြည့်ရှိပါကြောင်း အသိပေးသွားခဲ့ပြီး အမေရိကန်မေဂျာလိဂ်တွင် ကစားရန် မက်ဆီက ဆုံးဖြတ်လိုက်သည်ကို အားရဝမ်းသာဖြစ်ရပါကြောင်း မေဂျာလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီကလည်း ကြေညာချက်ထုတ်ထားပြီဖြစ်သည်။

မေဂျာလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် မက်ဆီနှင့် အင်တာမီယာမီတို့အကြားတွင် နောက်ဆုံးအဆင့် စာချုပ်သစ်ချုပ်ဆိုမှုကို အတည်ပြုပေးရန် စောင့်ဆိုင်းလျက်ရှိပြီး မက်ဆီမှာ အင်တာမီယာမီထံတွင်လည်း ကျောနံပါတ် ၁၀ ကိုသာ ဝတ်ဆင်ကစားလိမ့်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။