မင်းထိန်ရွာ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခံရ၊ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရ

0
2358

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာတွင် ယနေ့ လက်နက်ကြီးကျည် ထပ်မံကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ညနေ ၅ နာရီကျော်က ပုလောမြို့ဖက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် မင်းထိန်ရွာအတွင်းသို့ကျရောက်ပေါက်ကွဲခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ကျည်စထိမှန်ကာ အသက် ၅၀ ကျော်အရွယ် ဦးဖိုးချောင်း သေဆုံးခဲ့ပြီး အသက် ၄၀ ကျော်အရွယ် ဒေါ်စီစီ ဒဏ်ရာအပြင်းအထန် ရကြောင်း ဒေသခံများက ဆိုသည်။

“ရွာထဲတစ်လုံးလာကျပြီး ထိသွားတာ။ နှစ်ယောက်စလုံးကို ဆေးရုံပို့ချိန် (ဦး) ဖိုးချောင်း က ဆေးရုံရောက်ပြီးမှ သေသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်များ ရွာအပြင်လယ်ကွင်းအတွင်းသို့လည်း ကျရောက်ခဲ့သေးကြောင်း ဒေသခံများက ပြောဆိုသည်။

“ဘာတိုက်ပွဲမှမရှိဘဲ အကြောင်းမဲ့ ပစ်တာ။ အခုဆိုရင် တစ်ရွာလုံး ထိန့်ထိန့်ပျာပျာဖြစ်နေကြပြီ” ဟု ဒေသခံနောက်တစ်ဦးကပြောသည်။

လက်နက်ကြီး ကျည်စထိမှန်သည့် ရွာသားအချို့လည်း ရှိသေးပြီး ၎င်းတို့မှာ ဒဏ်ရာ မစိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁ ရက် နေ့လယ်ကလည်း မင်းထိန်ရွာတွင်းသို့ လက်နက်ကြီးကျည် လေးလုံးကျရောက်ပေါက်ကွဲခဲ့သေးသည်။

အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ကျည်စထိမှန်သေဆုံးခဲ့ရသလို လက်နက်ကြီးထိမှန်ခဲ့သည်ကို မြင်တွေ့လိုက်ရသည့် အသက် ၉၀ ကျော်အရွယ် မိခင်မှာလည်း နှလုံးရပ်ကာ သေဆုံးခဲ့သည်။

ယင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီးနောက် ရွာသားအများအပြား အိုးအိမ်စွန့်ခွါ ပြောင်းရွှေ့သွားကြောင်း ဒေသခံများထံမှသိရသည်။

မင်းထိန်ရွာသည် ပုလောမြို့အနီးတည်ရှိပြီး စစ်အာဏာသိမ်းကတည်းက ရွာအတွင်း နှစ်ဖက်တိုက်ပွဲ မဖြစ်ခဲ့ဖူးသည့်ကျေးရွာဖြစ်သည်။

သို့သော် ယင်းရွာအနီးတဝိုက်ရှိ ပဝတ်ကုန်း၊ပဝတ်ဖျား၊ မကျည်းကုန်း၊ သင်္ကန်းတော၊ ကဒဲ စသည့်ကျေးရွာများတွင်မူ တိုက်ပွဲမကြာခဏဖြစ်လေ့ရှိပြီး ရွာသားအများစု နေထိုင်ခြင်းမရှိသည်မှာလည်းကြာပြီဖြစ်သည်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ပုလောမြို့နယ်ရှိ ကျေးရွာများတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံး ထိခိုက်မှု တဖြေဖြေး မြင့်တက်လာနေသည်။