သိန္ဓောရွာ စစ်ကောင်စီတပ်ရှေ့တန်း ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဝင်တိုက်

0
1987

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် သိန္ဓောရွာရှိ စစ်ကောင်စီရှေ့တန်းကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုများက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။

ဇွန်လ ၂ ရက်နေ့ နံက် ၁၀ နာရီက ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအင်အားစု SWDF အပါအဝင် မဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားတစ်ဦး ကျည်ထိမှန် လဲကျသွားသည်ကို မြင်တွေ့ရပြီး ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ရေးသားထားသည်။

တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် အနီးအနားကျေးရွာများသို့ ပစ်ခတ်မှုကြောင့် အနီးဝန်းကျင် ကျေးရွာတစ်ရွာက ဒေသခံနေအိမ်တစ်လုံး ပျက်စီးခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သိန္ဓောကျေးရွာ စစ်ကောင်စီတပ်စခန်းကို ယခင်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်များ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

ရွာသားအများစုမှာ တိုက်ပွဲနှင့် အဖမ်းအဆီးများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်မှာ ကြာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။