တနင်္သာရီမြို့နယ်ရှိ စစ်ရှောင်အချို့ ငှက်ဖျားနှင့် ဝမ်းပျက်ဝမ်းလျှော အဖြစ်များလာ

0
1946

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အချို့တွင် ငှက်ဖျားနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ပိုမိုအဖြစ်များလာကြောင်း ကူညီကုသပေးနေသူအချို့ထံမှ သိရသည်။

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်အောက်ခံ စစ်ကြောင်း ၂ နယ်မြေအတွင်း ဖြစ်ပွားနေခြင်းဖြစ်သည်။

အဆိုပါနယ်မြေအတွင်း စစ်ရှောင် ၁၀၀ ဦးခန့်ရှိနေပြီး ၎င်းတို့မှာ စစ်ဘေးရှောင်စခန်းအနေဖြင့် သီးခြားမရှိဘဲ နီးစပ်ရာ ဆွေမျိုးများနှင့် ဥယျာဉ်တောတောင်များအတွင်း ယာယီနေထိုင်ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်မေလအတွင်း ငှက်ဖျားဖြစ်ပွားသူ ၂၈ ဦး၊ တိုက်ဖွိုက်ဖြစ်သူ ၅ ဦး၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၂၁ဦး ရှိခဲ့ပြီး ကလေးများလည်း ပါဝင်ကြောင်း စစ်ကြောင်း၂ တွင် ဆေးမှူးတာဝန်ယူထားသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်လများကမူ တစ်လလျှင် ယင်းရောဂါများဖြစ်ပွားသူ ပျမ်းမျှ ၅ ဦးခန့်သာရှိကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် စားနပ်ရိက္ခာအခက်အခဲနှင့် ချောင်းရေ မသန့်ရှင်းမှုများကြောင့် ယခင်လများထက် ပိုအဖြစ်များလာကြောင်း ဆေးမှူးက ပြောဆိုသည်။

“ချောင်း‌ထဲကနေပဲ စားစရာတွေ ရှာစားရတာပေါ့နော်။ သစ်ဥသစ်ခေါက်တွေ ရှာစားမယ်။ ပြီးရင် ခရုတို့ဘာတို့ပေါ့နော် ရေသတ္တဝါတွေရှာစားပြီးလည်း (ဝမ်းပျက်ဝမ်းလျှောတွေ) အဖြစ်များတာပေါ့” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ချောင်းအတွင်း ရေနည်းပါးပြီး ခမ်းခြောက်လာကာ ရေမသန့်ရှင်းတော့သည့်အတွက် စစ်ဘေးရှောင်များတွင် အရေပြားရောဂါဖြစ်သူလည်း ပိုများလာသည်ဟု ဆိုသည်။

လက်ရှိတွင် သွားလာရေးအခက်အခဲ၊ ဆေးဝါးမလုံလောက်မှု စသည့်အချက်များကြောင့် ကုသပေးရာတွင် အခက်အခဲများဖြင့် ရင်ဆိုင်နေသည်ဟု အထက်ပါဆေးမှူးထံမှ သိရသည်။