ထားဝယ်တွင် ကိုဗစ်လူနာ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

0
1398

ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် အသက် ၇၃ နှစ်ခန့်ရှိ ကိုဗစ်လူနာအမျိုးသမီးကြီးတစ်ဦး ယနေ့ ဇွန်လ ၄ရက်တွင် ထပ်မံသေဆုံးကြောင်း ပရဟိတအသင်းအဖွဲ့များထံက သိရသည်။

အထက်ပါအမျိုးသမီးမှာ ပလောက်မြို့နယ် ကျောက်တောင်ရွာက ဒေါ်ခင်ယုဆိုသူဖြစ်ပြီး မေလ ၃၀ ရက်က ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူဖြစ်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ဘာရောဂါအခံ လက္ခဏာရှိတယ်ဆိုတာ အသေးစိတ်တော့ ကျွန်တော်တို့လည်း မသိဘူး။ မနက်တုန်းက ကျွန်တော်တို့ကို ခေါ်တာ ၆ နာရီမထိုးခင်ပေါ့နော် ဆုံးတာက” ဟု ၎င်းက ဆိုသည်။

ကိုဗစ်လူနာအမျိုးသမီး သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားရန် အဆင်မပြေကြောင်း ပြန်လည်ပြောဆိုသည်။

နာရေးကူညီမှုအသင်း-ထားဝယ်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးကလည်း အထက်ပါအမျိုးသမီးမှာ သေဆုံးရသည့် အကြောင်းအရင်းကို မသိရသေးကြောင်း ပြောသည်။

“ထားဝယ်ဆေးရုံကြီး လူသေတိုက်က ဖုန်းဆက်တယ်။ အလောင်းတစ်လောင်းရှိနေတယ်။ ၂ ချက်ထိုး သင်္ဂြိုဟ်မယ်ဆိုပြောပြီးတော့ ဖုန်းချလိုက်တာကိုး” ဟု ၎င်းက ပြောဆိုသည်။

ထားဝယ်တွင် ဧပြီလ ၁၉ ရက်ကနေ ဇွန်လ ၃ ရက်အတွင်း ကိုဗစ်လူနာ ၁၂၁ ဦးရှိလာပြီး သေဆုံးသူ လေးဦးရှိလာပြီဖြစ်ကြောင်း တနင်္သာရီတိုင်းကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ်ဖြင့် သေဆုံးသူများမှာ ရောဂါအခံရှိသူ အသက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီးများဖြစ်ကြသည်။