အလွန်ပူပြင်းခြောက်သွေ့မည့် အားပြင်းအယ်နီညိုဖြစ်စဉ်အတွက် ကြိုတင်ပြင်ဆင်မှုများ မလေးရှားစတင်

0
1960

မလေးရှားနိုင်ငံသည် ယခုလအတွင်း ဖြစ်ပေါ်နိုင်ချေရှိသည့် အားပြင်းအယ်နီညို ဖြစ်စဉ်အတွက် ရည်ရွယ်ကာ နိုင်ငံတစ်ဝန်းရှိ ဆည်များ၏ ရေမျက်နှာပြင်ကို အနီးကပ် စောင့်ကြည့်ရန် “သီးသန့် စစ်ဆေးရေးကဏ္ဍ” တစ်ခု ထူထောင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကဏ္ဍ၏ ရည်ရွယ်ချက်မှာ သက်ဆိုင်ရာ ဝန်ထမ်းများအနေနှင့် နိုင်ငံတွင်းရှိ ဆည်တာတမံများတွင်း ရေပမာဏကို ၎င်းတို့၏ ဆိုင်ရာ နေရာများမှ တစ်ဆင့် အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်စေရန် ဖြစ်ကြောင်း National Water Services Commission (Span) ၏ ဥက္ကဋ္ဌ Charles Santiago က ပြောကြားခဲ့သည်။

“ဒီလို စောင့်ကြည့်လေ့လာမှုတွေကို နေ့စဥ် နေ့တိုင်း မှတ်တမ်းတင်ပေးသွားမှာ ဖြစ်ပြီး အများပြည်သူ အနေနဲ့  မေးခွန်းများရှိပါက  အဲ့ဒီကဏ္ဍဆီ ဖုန်းခေါ်ဆိုနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် Span အဖွဲ့အနေနှင့် အဆိုပါ ကဏ္ဍကိုလာမည့် သောကြာနေ့၊ ဇွန်လ ၂ရက်နေ့တွင် အကြိုမိတ်ဆက်မည် ဖြစ်ပြီး တရားဝင် ကြေညာမှုကိုမူ  ဇွန် ၁၄ ရက်တွင် စတင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံသည် လက်ရှိတွင် အနောက်တောင်မုတ်သုံလေနှင့် ဆက်စပ်နေသည့် ခြောက်သွေ့ ရာသီကာလသို့ ဝင်ရောက်နေပြီး အဆိုပါ ကာလ သည် လာမည့် အောက်တိုဘာလအထိ ဆက်လက် တည်ရှိနေမည်ဟု အာဆီယံအထူးပြုမိုးလေဝသဌာန (Asean Specialised Meteorological Centre – ASMC) မှ သိရသည်။

ယခုနှစ်အတွင်း ပူပြင်းသောအပူချိန်သည် ပြီးခဲ့သောဆောင်းရာသီတွင် မိုးရွာသွန်းမှုနည်းပါးခြင်းနှင့် ပုံမှန်အားဖြင့် ပူပြင်းခြောက်သွေ့သော အခြေအနေများကို ဆောင်ကြဉ်းပေးသည့် အယ်နီညိုကဲ့သို့ ရာသီဥတုပုံစံ ကဲ့သို့သော အခြေအနေများ တိုက်ဆိုင် ပေါင်းစပ်သွားခြင်းကြောင့် ဖြစ်နိုင်ကြောင်း ယင်းဌာန က သုံးသပ်ထားသည်။

အာဆီယံတောင်ပိုင်းဒေသ ဖြစ်သည့် မလေးရှားနိုင်ငံ တွင်း ယခုနှစ် ဇွန်လမှ အောက်တိုဘာလအထိ မီးခိုးမြူအန္တရာယ် မြင့်မားနိုင်သည်ဟု ASMC မှ မှတ်ချက်ပြုခဲ့သည်။

“ကျွန်ုပ်တို့အနေနဲ့ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေ မပြင်ဆင်ထားဘူး ဆိုရင် နောက်လအနည်းငယ်အတွင်း ပိုဆိုးလာပါလိမ့်မယ် ” ဟု Santiago ကပြောကြားခဲ့သည်။

လတ်တလော တွင် မလေးကျွန်းဆွယ်ရှိ စုစုပေါင်း ခရိုင် ၁၄ ခုကို မလေးရှား မိုးလေဝသဌာန (MetMalaysia) မှ အဆင့် ၁ အပူလှိုင်း အခြေအနေအတွက် သတိပေးချက် ထုတ်ပြန်ထားသည်။

MetMalaysia ဝက်ဘ်ဆိုက်ရှိ အပူလှိုင်းအခြေအနေ ဆိုင်ရာ ဖော်ပြချက်များအရ အဆိုပါ ခရိုင် ၁၄ ခုမှာ ပီရတ် ရှိ ဘာတန် ပါဒန်း ၊ ဆီလန်ဂေါ ရှိ ကွာလာ ဆီလန်ဂေါ၊ နီဂရီ ဆမ်ဘီလန် ရှိ ဂျမ်ပိုl၊ ပါဟန် ခရိုင် ရှိ ဘန်တုန်း ၊ ဂျရန်တွပ် ၊ ကွမ်တန်၊ ရာ့ဘ် ၊ တဲမာလို့ ၊ လီပစ် နှင့် ဘယ်ရာ ၊ ကယ်လတန်ခရိုင် ကွာလာခရိုင်ကယ်လတန် ရှိ ပါဆာမတ်စ် နှင့် ဆာဘား ရှိ ကီနာဘာတန်ဂန် နှင့် ဗျူ့ဖို့ စသည်တို့ဖြစ်သည်။

MetMalaysia ၏ အဆိုအရ နေ့အပူချိန် ၃၅ မှ ၃၇ ဒီဂရီ စင်တီဂရိတ်ကြားတွင် သုံးရက်ဆက်တိုက် ပူသည့် ဒေသများကို အဆင့်(၁) အပူလှိုင်း သတိပေးချက် သတ်မှတ် ထုတ်ပြန်ပေးကြောင်း သိရသည်။

အပူချိန် ၃၇ မှ ၄၀ ဒီဂရီစင်တီဂရိတ်ကြားတွင် သုံးရက်ဆက်တိုက် ပူပြင်းပါက အဆိုပါ အနေအထား ကို လိမ္မော်ရောင် ၊ အဆင့်(၂) အပူလှိုင်း အခြေအနေ ဟု သတ်မှတ်ပြီး ၄၀ ဒီဂရီစင်တီဂရိတ်အထက်တွင် သုံးရက်ဆက်တိုက် ရောက်ရှိနေပါက အဆိုပါ အနေအထား ကို အနီရောင် ၊ ပြင်းထန်အပူလှိုင်း အခြေအနေ အဖြစ် သတ်မှတ်သည်။ 

မလေးရှားကျွန်းဆွယ်ရှိ အခြားဒေသများအပြင် ဆာဘား နှင့် ဆာရာဝပ် တို့တွင် နေ့စဉ် အမြင့်ဆုံးအပူချိန် မှာ ၃၅ ဒီဂရီ စင်တီဂရိတ်အောက် ရှိကြောင်း MetMalaysia မှ သတင်းထုတ်ပြန်ခဲ့သည်။

Reference

●       The Star/Asia News Network

●       The Straits Times