အန္တရာယ်ကြားက လယ်သမားတွေ

0
2122

တိုက်ပွဲများ၊ နယ်မြေမလုံခြုံမှုများ၊ အထွေထွေသွင်းအားစု စျေးမြင့်တက်နေမှုများကြောင့် တနင်္သာရီတိုင်းမှ လယ်သမားများမှာ လယ်ထဲဆင်းရန်ပင် ခက်ခဲသည့် အခြေအနေများ ရင်ဆိုင်နေကြရသည်။

တိုက်ပွဲဖြစ်ပွားရာ ပဋိပက္ခဒေသများမှ လယ်သမားများမှာ ဖမ်းဆီးစစ်ဆေးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ မိုင်းထိခြင်းများကြောင့် အသက်အန္တရာယ် အချိန်မရွေးကျရောက်နိုင်သည်။

ယင်းအပြင် ဖမ်းဆီးခံရပါက ရှိတာ‌ရင်းပြီးလုပ်ထားသည့် လယ်ယာခင်းများ လုပ်မည့်သူမရှိဘဲ ပျက်စီးဆုံးရှုံးမှုများလည်း ကြုံတွေ့နိုင်ပေသည်။

တိုက်ပွဲမဖြစ်ပွားသည့် ဒေသများတွင်လည်း တရားဥပဒေစိုးမိုးမှုအားနည်းသဖြင့် ခိုး၊ဆိုး လုယက်မှုများ၊ ဆေးသမားများ၏ ခြိမ်းခြောက်မှုများကြောင့် လယ်သမားများမှာ စိုးရိမ်နေကြရသည်။

သူခိုးပူနေသဖြင့် လယ်ထဲတွင် ယခင်လို ဓာတ်မြေသြဇာများ၊ မျိုးစပါးများ သွားရောက်ထားခြင်းမျိုး မလုပ်ရဲသလို ဆေးသမားများ ဆေးကြောင်ပြီး လယ်တဲများကို မီးရှို့မည့်ဘေးကလည်း ကြောက်နေရသေးသည်။

လယ်လုပ်သည့် လယ်သမားများ လယ်မလုပ်ပါကလည်း ဝင်ငွေမရှိဖြစ်ပြီး ဆန်ပင်ဝယ်မစားနိုင်သည့် အခြေအနေရှိနေရာ အန္တရာယ်ရှိသော်လည်း စား၊ဝတ်၊နေရေးအတွက် မဖြစ်မနေ လယ်လုပ်ရမည့်သူများလည်း ရှိနေသည်။

ယင်းအခြေအနေများကို ယခုအပတ် ‘တနင်္သာရီပုံရိပ်’ အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။

“အရင်တုန်းကဆိုရင် လယ်လုပ်နေရင်း မိုးကြိုးပစ်ခံရလို့ သေတယ်ပဲကြားဖူးတာ အခုက မိုင်းထိလို့ပဲသေမလား။ ပစ်ပဲပစ်သတ်ခံရမလား။ ဖမ်းပဲဖမ်းခံရမလား ဖြစ်နေတယ်လေ”

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာက လယ်သမားတစ်ဦး

DW ။ လယ်စလုပ်ဖို့ ဘာတွေပြင်ဆင်နေတာရှိလဲ။

ဖြေ ။ လယ်လုပ်ဖို့တော့ ကြံနေကြတာပဲ။ လယ်ထဲရေမတင်သေးတော့ မဆင်းကြသေးဘူး။ ရေနဲနဲရှိလာမှ ကန်သင်းရိုးပြင်တာတွေ လုပ်လို့ရတာကိုး။

DW ။ အခုချိန်လယ်လုပ်မယ်ဆို ဘာတွေအခက်အခဲရှိလဲ။

ဖြေ ။ အခက်အခဲကတော့ စာရိတ်စကကြီးတာပေါ့။ ပြီးတော့ သွားရေလာရေးလည်းအခုဆို ခက်မယ့်သဘောရှိတယ်။ သိတဲ့အတိုင်းပဲလေ ဒီမှာက မိုင်းကွဲတာတွေခဏခဏဖြစ်နေတာကိုး။

(မောင်မယ်ရှောင်ကျေးရွာမှာ ထားဝယ်-ရန်ကုန်ပြည်ထောင်စုလမ်းပေါ်တွင်ရှိပြီး လယ်ယာမြေများမှာလည်း ယင်းပြည်ထောင်စုလမ်း ဘေးဘယ်ညာတွင်တည်ရှိကြသည်။ အဆိုပါပြည်ထောင်စုလမ်း မောင်မယ်ရှောင်ရွာအနီးတွင် ဘုရားမဲ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိသည်။ ယင်းအပြင် စစ်ကောင်စီယာဉ်များကိုလည်း မောင်မယ်ရှောင်ရွာအနီးတွင်မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။ ထိုသို့ မိုင်းပေါက်ကွဲခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းတို့ရှိလာပါက ဒေသခံများထွက်ပြေးတိမ်းရှောင်ရလေ့ရှိပြီး စစ်ဆေးဖမ်းဆီးခံရ မှုများလည်း မကြာခဏဖြစ်ပွားနေသည်။)

DW ။ တိုက်ပွဲတွေ၊ မိုင်းပေါက်တာတွေ ခဏခဏဖြစ်နေတာဆိုတော့ လယ်လုပ်တဲ့သူတွေရှိပါ့မလား။

ဖြေ ။ သူ့ဟာနဲ့သူတော့ ရှိတယ်။ မနှစ်ကလည်းအဲလိုပဲလေ။ ဓာတ်မြေဩဇာကဈေးကြီးရတာနဲ့။ စက်သုံးဆီဈေးကကြီးရတာနဲ့ ဒီကြားထဲ ပစ်တာခတ်တာတွေနဲ့ပဲ ဒီကြားထဲမှာပဲ ခက်ခက်ခဲခဲနဲ့ လုပ်ကြတာတွေရှိတယ်။ ပစ်တဲ့သူလည်းပစ်လိုက်ကြတာပေါ့။ ဒီနှစ်လည်း အဲလိုပဲလာမယ်ထင်တယ်။

DW ။ တိုက်ပွဲတွေ၊ မိုင်းပေါက်ကွဲတာတွေ ခဏခဏဖြစ်နေတဲ့အချိန် လယ်လုပ်ရတာ စိုရိမ်နေတာမျိုးရှိလား။

ဖြေ ။ သူ့ဟာသူတို့ဖြစ်ပြီး ပြီးသွားရင်တော့ ဘာမှပြဿနာမရှိဘူးပေါ့။ ခက်တာက ဟို့ကလာပစ်ပြီးပြန်သွားရင် ရွာကလူတွေက နေလို့မရတော့ဘူး။ ရွာထဲစစ်လာဆေးလာလုပ်ပြီး ဖမ်းသွားတာတွေရှိတော့ အဲဒါတစ်ခုတော့စိုးရိမ်တယ်။ ကိုယ်ဘာသာအလုပ်လုပ်နေပေမယ့် သူတို့( စစ်ကောင်စီ) ကပြောလို့ရတာမဟုတ်ဘူးလေ။ လမ်းဘေးကလယ်ပိုင်ရှင်တွေဆို အဲဒါပဲစိုးရိမ်နေကြတာ။ ဟိုးတလောကလည်းအဲလိုပဲ လယ်ထဲမှာ သစ်ပင်( ရာသီပေါ်သီးနှံ) စိုက်နေတာ မဆီမဆိုင်ဖမ်းသွားတာလေ။ ဖမ်းပြီးသူတို့မေးချင်တာမေးပြီး ပြန်လွှတ်ရင်တော့ အကြောင်းမဟုတ်သေးဘူး။ ဖမ်းခံလိုက်ရပြီဆို လူလည်း‌မသက်သာ လယ်လည်းပစ်ရပြီဆို မိအေးနှစ်ခါနာဖြစ်မှာ။ အဲဒါပဲတွက်ဆနေရတာပေါ့အခုက။ ရာသီဥတုအခြေအနေလည်းကြည့်နေရသေးတယ်။ ငါတို့လယ်တွေက မိုးကြီးတဲ့နှစ်ဆိုမစားရဘူး။ ရေမြုပ်လို့ သုံးလေးခါပျိုးကြဲရတာ။

DW ။ ဒီလိုတွေခက်ခဲနေရင် လယ်လုပ်တဲ့သူတွေရှိပါ့မလား။

ဖြေ ။ ခုဏပြောသလိုပဲပေါ့။ သူ့ဟာနဲ့သူတော့ရှိမှာပဲ။ အဓိကကလမ်းဘေးက လူတွေလောက်ပဲ အဲလိုအခက်အခဲရှိတာ။ မလုပ်လို့လည်းမရဘဲကိုး။ လယ်တစ်ခုတည်းကိုပဲအားကိုးပြီး လုပ်စားနေရတဲ့သူတွေကတော့ ဒါပဲလုပ်စရာရှိတာလေသူတို့မှာ။ လယ်မလုပ်ရင်ဆန်ဝယ်စားနေရမှာပေါ့။ အဲဒါတွေရှိသေးတာကိုး လယ်ကမလုပ်ဘဲပစ်ထားရင်လည်း ပျက်သွားတတ်တယ်လေ။

DW ။ ဒီလိုအခက်အခဲမျိုးစုံကြားက လယ်လုပ်နေရတဲ့အပေါ် ဘာပြောချင်တာရှိလည်း။

ဖြေ ။ ငါလည်းမပြောတတ်တော့ပါဘူး။ တစ်သက်နဲ့တစ်ကိုယ်ဒီလိုမျိူးလည်း တစ်ခါမှမကြုံးဖူးဘူး။ အရင်တုန်းကဆိုရင် လယ်လုပ်နေရင်း မိုးကြိုးပစ်ခံရလို့ သေတယ်ပဲကြားဖူးတာ။ အခုက မိုင်းထိလို့ပဲသေမလား။ ပစ်ပဲပစ်သတ်ခံရမလား။ ဖမ်းပဲဖမ်းခံရမလားဖြစ်နေတယ်လေ။

DW ။ ‌အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

( မိုင်းမကြာခဏ ပေါက်ကွဲနေသည့် ထားဝယ်- ရန်ကုန် ပြည်ထောင်စုလမ်း‌ဘေး ဝဲယာတစ်လျှောက်ရှိ သရက်ချောင်းမြို့နယ်၊ ထားဝယ်မြိုနယ်မှ လယ်ပိုင်ရှင်များမှာ အလားတူ အခက်အခဲများကို ရင်ဆိုင်နေကြရသည်။)

“သူခိုးကိုလူ(ကောင်း)ပြန်ကြောက်နေရတဲ့ ခေတ်ကာလကြီးလေ။ သူခိုးထက်ဆိုးတာက ဆေးသမားတွေ”

လောင်းလုံးမြိုနယ် ကဒက်ကြီးရွာက လယ်သမားတစ်ဦး

DW ။ လယ်လုပ်ဖို့ပြင်ဆင်နေပြီလား။ ဘာတွေအခက်အခဲရှိလဲ။

ဖြေ ။ လောလောဆယ်တော့မလုပ်သေးဘူး။ ဒီနှစ်က လက်ထပ်နှစ်( ဝါထပ်နှစ် – မြန်မာ ဝါဆိုလနှစ်ကြိမ်ကိုဆိုလို) ဆိုတော့ လယ်လုပ်တာနောက်ကျတယ်။ အခက်အခဲကတော့ ခုဏကပြောသလိုပေါ့ လယ်ထဲကို ဓာတ်မြေဩဇာအိတ်တွေ ကြိုသယ်ထားလို့မရတာပေါ့။

DW ။ ဓာတ်မြေဩဇာအိတ်တွေ လယ်ထဲကြိုသယ်ထားလို့မရတဲ့အကြောင်းက ဘာဖြစ်လို့လဲဆိုတာရှင်းပြပေးပါ။

ဖြေ ။ သူခိုးခိုးပါလို့ပါ။ ရွာနဲ့နီးတဲ့လယ်တွေဆို မထားရဲကြတော့ဘူး။ ဓာတ်မြေဩဇာတစ်အိတ်ကို တစ်သိန်း(ကျပ်) လောက်ဆိုတော့ တစ်အိတ်လောက်ခိုးပါတာနဲ့ကိုသွားပြီလေ။

DW ။ အမြဲခိုးပါနေကျပဲလား။

ဖြေ ။ အမြဲဆို အခု‌သုံးလေးနှစ်ထဲမှာပေါ့။ အရင်ကဆိုရင်တော့ မိုးမကျခင်ကတည်းက မျိုးစပါးရော ဓာတ်မြေဩဇာတွေရော အကုန်လုံး ‌( ထော်လာဂျီနဲ့) တိုက်ပြီး ဆင်းထားနေကြလေ။ အခုကတော့ လူငှားနဲ့ထမ်းခိုင်းမှရတော့မယ်နဲ့တူတယ်။

DW ။ အလုပ်သမား‌တွေရော ငှားလို့လွယ်ကူရဲ့လား။

ဖြေ ။ ငှားရတော့ခက်တယ်။ လူငှားမရရင်‌တော့ ကိုယ်ဘာသာကိုယ် တစ်ပိုင်းနိုင်တစ်ပိုင်း၊ တစ်စိတ်နိုင်တစ်စိတ်ထမ်းချရမှာပေါ့။

DW ။ ‌အလုပ်သမားနေ့စားနှုန်းကရော ဘယ်လောက်ရှိလဲ။

ဖြေ ။ တစ်သောင်း(ကျပ်)ကတော့ အောက်ထစ်ပဲ(အနည်းဆုံးပဲ)။ မျိုးစပါးရော ဓာတ်မြေဩဇာရော ထမ်းငှားမယ်ဆိုရင် သုံးလေးသောင်းတော့ကုန်မှာပေါ့။ ပိုက်ဆံကုန်တာကထားလိုက်အုံး လူငှားရမလားပဲစိတ်ပူတာ။ ငါကမထမ်းနိုင်တော့ဘူးလေ။ အိမ်မှာထော်လာဂျီနဲ့ဆိုတော့ အခုဆင်းထားမယ်ဆို သုံးလေးထောင်ပဲကုန်မှာကို ထမ်းငှားရင် သုံးလေးသောင်းဖြစ်သွားမှာပေါ့။

DW ။ တစ်ခြားလယ်သမားတွေရော အဲလိုပဲကြုံနေကြရတာလား။

ဖြေ ။ ရွာနဲ့ဝေးတဲ့သူတွေဆို မငှားရဘူး။ ဆင်းထားလို့ရတယ်။ ရွာနဲ့နီးနီးနားနားတွေပဲ စိတ်မချရတာ။ အရင်ကဆို ရွာနဲ့နီးတဲ့သူတွေစိတ်ချရတယ်။ အခုက ပြောင်းပြန်တွေဖြစ်ကုန်ပြီ။

DW ။ တစ်ချို့လယ်သမားတွေကတော့ လယ်မလုပ်ချင်ကြတော့ဘူးတဲ့။ ဦးတို့ဘက်မှာရော အဲလိုမျိုးတွေရှိလား။

ဖြေ ။ ငါလည်းမလုပ်ချင်တော့ဘူး။ ငါ့လယ်ကိုသူများငှားထားတာ။ အခုငါလုပ်နေတာက သူများလယ်ကို အငှားပြန်လုပ်နေတာ။ ရွာနဲ့နီးနီးနားနားလမ်းဘေးမှာဆိုတော့ သက်သက်သာသာနဲ့လုပ်ရမယ်မှတ်လို့ လက်ခံလိုက်တာ။ ဒီလိုမျိုးကြုံမယ်မှန်းမသိဘဲကိုး။ အခုတော့ ဓာတ်မြေဩဇာအိတ်တစ်ပုံနဲ့ စိတ်ဆင်းရဲနေရတယ်။ မိုးကျရင်လည်း ဘယ်လိုလာမလဲမသိသေးဘူး။ လယ်ထဲမှာညမအိပ်ရဲတာနဲ့။ ရှိတာအကုန်( သူခိုးလက်) ပါကုန်‌တော့မယ်ထင်တယ်။

DW ။ အခုလို သူခိုးပူနေတဲ့အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ ။ ငါတို့အတွက်တော့ မထူးဆန်းတော့ဘူး။ သူခိုးကိုလူ(ကောင်း)ပြန်ကြောက်နေရတဲ့ ခေတ်ကာလကြီးလေ။ သူခိုးထက်ဆိုးတာက ဆေးသမားတွေ။ တဲကိုတောင်ဖျက်ဆီးပစ်တာဒီကောင်တွေက။ ဆေကြောင်ပြီးတဲမီးရှို့ရင်(အကုန်ကုန်ရော) သူခိုးခိုးတာမှကျန်ဦးမယ်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ မရှိတော့ပါဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“‌ပစ္စည်းတွေဝယ်ရ ခြမ်းရတာဈေးကြီးတာတစ်ခုပဲ။ တစ်နှစ်ထက်တစ်နှစ် ဈေးကြီးကြီးလာတယ်ဗျာ”

သရက်ချောင်းမြို့နယ် ကဇိရွာ လယ်သမားတစ်ဦး

‌DW ။ မိုးရာသီလယ်လုပ်ဖို့အတွက် ဘာတွေပြင်ဆင်နေတာရှိလဲ။

ဖြေ ။ (လယ်)ထွန်စက်အင်ဂျင်ခွဲနေတယ်။ လယ်လုပ်ချိန် မပျက်အောင်အခုကတည်းက ပြင်ထားရတာ။ လယ်ထွန်မှထပျက်ရင် အလုပ်လဲပျက်။ အချိန်မီလည်းမပြီတော့ဘူးလေ။

DW ။ စက်သုံးဆီတို့၊ ဓာတ်မြေဩဇာတို့ ကြိုဝယ်ထားတာရှိလား။

ဖြေ ။ စက်သုံးဆီတော့မဝယ်သေးဘူး။ ဓာတ်မြေဩဇာတော့ဝယ်ထားတယ်။

DW ။ အခုဓာတ်မြေဩဇာဈေးတွေ ကျနေတယ်ဆို။

ဖြေ ။ ဟုတ်တယ်။ ကျွန်တော်မှာက အတက်ဈေးနဲ့ဝယ်မိသွားတာ။ သုံးမျိုးစပ်(ဓာတ်မြေဩဇာ) တစ်အိတ်ကို တစ်သိန်းနှစ်သောင်း(ကျပ်)တုန်းက ဝယ်မိသွားတာ။ အခု ရှစ်သောင်းကျော်‌ကျော်ပဲရှိတော့တယ်။

DW ။ ဘာဖြစ်လို့အတက်ဈေးမိသွားရတာလဲ။

ဖြေ ။ မနှစ်က လယ်လုပ်ခါနီးမှာ ဓာတ်မြေဩဇာဈေး ထိုးတက်သွားတာဆိုတော့ ဒီနှစ်ကြိုဝယ်လိုက်တာ။ ကျွန်တော်ဝယ်တဲ့နှစ်မှ ဒီလိုဖြစ်သွားတာပဲ။ ကျွန်တော်အထင်တော့ စီးပွားရေးသမားတွေက ဈေးကစားလို့ဖြစ်တာလို့ထင်တယ်။ သူတို့က ဓာတ်မြေဩဇာတွေ လိုသလောက်ဝယ်လို့မရဘူးလို့ သတင်းလွှင့်ပြီး ဈေးတင်ရောင်းကြတာဗျ။ မရှိဘူးဆိုရင် အလုအယက်ဝယ်ကြမှာလေ။ အဲဒီအချိန်ဈေးတင်လိုက်တာပေါ့။ လယ်လုပ်ချိန်လည်းရောက်ရော ဈေးကျသွားတယ်။ ဝယ်တဲ့သူကမရှိတော့ဘူး။ ကျွန်တော်မှာဆို ရှစ်သိန်းလောက်ကိုရှုံးသွားတယ်။ တစ်ဆင့်ဝယ်ရောင်း လုပ်နေတဲ့သူတွေလည်း ပိုက်ဘောမိကုန်တာ‌ပဲ။

DW ။ တစ်ခြားဘာတွေအခက်အခဲရှိသေးလဲ။

ဖြေ ။ တစ်ခြားတော့သိပ်မရှိဘူး။ ‌ပစ္စည်းတွေဝယ်ရ ခြမ်းရတာဈေးကြီးတာတစ်ခုပဲ။ တစ်နှစ်ထက်တစ်နှစ် ဈေးကြီးကြီးလာတယ်ဗျာ။ တော်သေးတယ်။စပါးဈေးလေးနဲနဲရှိနေလို့။ ( ပျန်းမျှစပါးတစ်တင်း တစ်သောင်းဝန်းကျင် ဈေးပေါက်လျက်ရှိသည်။)

DW ။ ကျေးဇူးတင်ပါတယ်။

“လယ်မလုပ်ရရင် ထမင်းငတ်ကြမှာပေါ့။ ပိုက်ဆံလည်းမရှိ ဆန်ကလည်း ဈေးကြီးလို့မဝယ်စားနိုင်ဆိုတော့”

ပုလောမြို့နယ်၊ကဒဲကျေးရွာမှ တိမ်းရှောင်နေရသည့် လယ်သမားတဦး

DW ။ ပုလောမြို့နယ်မှာ ဒီနှစ်မိုးရာသီ လယ်တွေပုံမှန် လုပ်ဖြစ်နေရဲ့လား

ဖြေ ။ မနက်မိုးရာသီတုန်းကတော့ လယ်ရှိတဲ့ရွာတွေ အားလုံးနီးပါး လုပ်ကြတယ်။ဒီနှစ်ကတော့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတယ်ဆိုတော့ တော်တော်များများက လုပ်ဖြစ်ကြမယ်မထင်ဘူး။ ဥပမာ ပဝတ်ကုန်း၊ကဒဲ၊သင်္ကန်းတော၊တို၊ တန်းရှင်း၊နတ်အိမ်ကွင်း၊ နန်းတောင်၊ဂျင့်ဂါ၊မော်မှိ၊ ပလောကုန်း၊ စတဲ့ရွာတွေမှာ ရွာလုံးကျွတ်က လူမရှိကြတော့ လယ်လည်းပြန်လာလုပ်ဖြစ်ကြမယ် မထင်ဘူး။ မပြေးဘဲနေနေကြတဲ့ လူအနည်းစုပဲ လုပ်ကြမယ်ထင်တယ်။ ပုလောကုန်းဂွင်က တောင်ဗြဲ၊ဝက်တိုး၊ ရှမ်းဒွတ်၊ဒူးရင်းပင်ရှောင် စတဲ့ရွာတွေလည်း နည်းနည်းပါးပါးပဲ လုပ်ဖြစ်ကြမယ်ထင်တယ်။

DW ။ ဒီနှစ်လုပ်နိုင်မယ် ထင်တဲ့ရွာတွေက ဘယ်ရွာအုပ်စုတွေ ရှိနိုင်မလဲ။

ဖြေ ။ ဒီနှစ်က လယ်လုပ်နိုင်မယ့် ရွာတွေကတော့ လက္ကူးဂွင်ဖက်က ရွာတွေပဲရှိမယ်။သဲကွင်းတို့ မန်းအိုးရင်းကွင်းတို့လုပ်ဖြစ်မယ် ထင်တယ်။အဲဒီဘက်မှာလည်း သိပ်ပြီးမအေးဆေးတော့ ထွက်ပြေးတဲ့သူတွေလည်း ပြေးနေကြရတယ်။

DW ။ အများစုက လယ်မလုပ်နိုင်ကြဘူးဆိုတော့ လာမယ့်နှစ် လယ်သမားတွေမှာ ဘယ်လို အခက်အခဲတွေ ကြုံလာရနိုင်မလဲ။

ဖြေ ။ လယ်သမားက လယ်လုပ်မှ ထမင်းစားရတာ။ လယ်မလုပ်ရရင် ထမင်းငတ်ကြမှာပေါ့။ ပိုက်ဆံလည်းမရှိ ဆန်ကလည်း ဈေးကြီးလို့မဝယ်စားနိုင်ဆိုတော့ လာမယ့်နှစ် တော်တော်များများ ဒုက္ခဖြစ်ကြမှာ။

DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

“စပါးဈေး တစ်သောင်းကျော်ကနေ အခုနှစ်သောင်းကျော်နေပြီ။ ဝယ်လို့လည်း မရှိဘူး”

ပုလောဒေသခံ နောက်တစ်ဦး

DW ။ ဒီနှစ်မိုးရာသီ ပုလောဖက်မှာ လယ်လုပ်ဖို့ စီစဥ်နေကြပြီလား။ဘယ်လိုတွေ့ရသလဲ။

ဖြေ ။ ဒီနှစ်က မိုးကလည်း နှောင်းလို့လားမသိဘူး။လယ်ထဲလူဆင်းတာတောင် မတွေ့ရသေးဘူး။ တောခုတ်တာတို့ မြေခုတ်တာတို့ တစ်ယောက်မှ ဆင်းလုပ်နေတာမတွေ့ ရသေးဘူး။

DW ။ လယ်သမားတွေကရော ပုံမှန်ရှိနေကြရဲ့လား။ဘယ်လိုအနေအထားမျိုးရှိနေကြလဲ။

ဖြေ ။ နှစ်တိုင်းဆို ဒီအချိန် မိုးရွာလို့ ထည်ထိုးနေကြပြီ။မနှစ်ကရှိတဲ့ လယ်သမား ထက်ဝက်ကလည်း ဒီနှစ်ရွာမှာမရှိကြတော့ဘူး။ တိုက်ပွဲတွေ အဖမ်းအဆီးတွေကြောင့် တော်တော်များများ ကထွက်ပြေးနေကြရတယ်။ လုပ်မယ်ဆိုလည်း မပြေးပဲကျန်ရစ်တဲ့သူ အနည်းစုပဲ လုပ်ကြမယ်ထင်တယ်။ တချို့လယ်သမားတွေဆို လယ်ကိုရတဲ့ဈေးနဲ့ ထိုးရောင်း ပြေးကုန်ကြသူတွေလည်းရှိတယ်။

DW ။ ပုလောက ကျေးရွာတချို့ကို စစ်ကောင်စီက ဖြတ်လေးဖြတ်လုပ်ထားတယ်ဆိုတော့ လယ်လုပ်ဖို့အတွက် စက်သုံးဆီတွေကရော အခြေအနေဘယ်လိုရှိသလဲ။

ဖြေ ။ လယ်လုပ်ဖို့အတွက်တော့ ပုံးတွေနဲ့ပြန်ရောင်းပေးလာတာရှိတယ်။ထောက်ခံစာနဲ့ သွားဝယ်ရတယ်။ ထောက်ခံစာမပါရင် ဘိလပ်မြေ၊သံချောင်းတောင် သယ်လို့မရဘူး။

DW ။ အများစုကလယ်မလုပ်ရတဲ့အတွက် လာမယ့်နှစ် ဘယ်လိုအခက်အခဲတွေ ကြုံလာရနိုင်မယ်ထင်လဲ။

ဖြေ ။ မနှစ်က စပါးဈေး တစ်သောင်းကျော်ကနေ အခုနှစ်သောင်းကျော်နေပြီ။ ဝယ်လို့လည်း မရှိဘူး။ ဆန်လည်း ဈေးကြီး ဝယ်ရလည်း ခက်ခဲတယ်။ လာမယ့်နှစ်ဆို အကုန်ငတ်သေကြမလားတောင် မပြောတတ်တော့ဘူး။ ခုချိန်မှာက အလုပ်လုပ်စားဖို့ထက် တိုက်ပွဲကြား မသေအောင် အဖမ်းမခံရအောင် ပြေးနေရတယ်။

DW ။ တခြားပြောချင်တာရှိရင် ပြောပေးပါဦး။

ဖြေ ။ မရှိတော့ပါဘူး။

DW ။ ကျေးဇူးတင်ပါတယ် ခင်ဗျ။