ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
1266

ယခုအပတ်ရွှေဈေးမှာ ရုတ်ချည်းထိုးတက်သွားပြီး ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲနည်းနေသည်။

ဓာတ်ဆီဈေးလည်းဖြည်းဖြည်းချင်း ပြန်တက်လာသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ရုတ်ချည်းတက်သည့် ရွှေဈေး

အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သိန်းသုံးဆယ်စွန်းစွန်းဖြင့် ငြိမ်နေရာမှ ရုတ်ချည်းထိုးတက်သွားသည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သိန်းသုံးဆယ်စွန်းစွန်း ပေါက်ဈေးရှိနေသည်။

ယခုအပတ်အစောပိုင်းက  အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းသုံးဆယ်နှစ်သောင်း (၃၀၂၀၀၀၀ ကျပ်) ဖြင့် ဈေးဖွင့်ထားသည်။

ထိုနောက် မေလ ၂၆ ရက်နေ့တွင်မူ တစ်ကျပ်သားလျှင် သိန်းသုံးဆယ်ခြောက်သောင်းငါးထောင်အထိ တက်သွားခဲ့သည်။

ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်ထားသည်။

တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၄ ကျပ်စွန်းစွန်းရှိခဲ့ပြီး နောင်ရက်များတွင် ပြားဂဏန်း တက်လာခဲ့သည်။

ယခုအပတ် သောကြာတွင် တစ်ဘတ်လျှင် ၈၅ ကျပ်နီးပါး ပေါက်ဈေးရှိနေပြီး ထိုင်းငွေ ၁၁၈၁  ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

တရွေ့ရွေ့တက်လာသည့် စက်သုံးဆီဈေး

တနင်္သာရီတိုင်း၏ ဓာတ်ဆီဈေးမှာတရွေ့ရွေ့ ပြန်တက်လာသည်။

ယခုအပတ် ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၅၅ ကျပ် မှ ၂၀၉၀ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၃၀၀ ကျပ်မှ  ၃၂၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ ကျရိပ်ပြလာနိုင်သော်လည်း ဈေးအပြောင်းအလဲကြီးကြီမားမား မရှိနိုင်ကြောင်း ခန့်မှန်းရသည်။

ကမ္ဘာ့ရွှေဈေးမှာ တောက်လျောက်ကျနေသော်လည်း အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ ဆက်တိုက်တက်နေသည့်အတွက် ပြည်တွင်းရွှေဈေးမှာ ထိုးတက်နေသည်။

မိုခါမုန်တိုင်းအလွန် နိုင်ငံတကာ အထောက်အပံ့အချို့ဝင်လာသည့်အတွက် ကျပ်ငွေတန်ဖိုးမှာ ဆက်ကျနေမည့် သဘောရှိသည်။

မေလ ၂၆ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂၉၅၀ ကျပ် ပေါက်ဈေးရှိပြီး ပြီးခဲ့သည့်အပတ်ကမူ တစ်ဒေါ်လာလျှင် ၂၈၈၀ ကျပ်သာရှိသည်။

ထိုသို့ ကျပ်ငွေတန်ဖိုးကျဆင်းမှုနှင့် ပြည်တွင်းပဋိပက္ခများကြောင့် ရွှေဈေးမှာ တက်သင့်သည့်ပမာဏထက် ပိုတက်နေခြင်းဖြစ်သည်။

မေလ ၂၇ ရက်နေ့ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၉၄၇ ဒေါ်လာခန့် ပေါက်ဈေးရှိနေသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၁၉၇၈ ဒေါ်လာ ဈေးဖွင့်ထားသည်။

ထို့အပြင် ပြည်တွင်းရွှေဈေးတက်လာသည့်အချိန်တိုင်း စစ်ကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)က ရွှေလုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများလုပ်လေ့ရှိသည်။

ထိုအခြေအနေများကြောင့် လာမည့်အပတ်ရွှေဈေးမှာ အနည်းငယ်သာကျလာနိုင်ကြောင်း သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးမှာ လက်ရှိနှုန်းထားထက် တက်ရိပ်ပြလာနိုင်သည်။

ပြည်တွင်းပဋိပက္ခများနှင့် ကျပ်ငွေတန်ဖိုးကျဆင်းနေခြင်းကြောင့် ထိုင်းဘတ်ငွေမှာ တက်ရိပ်ပြလာနိုင်သည်။ သို့သော် အတက်ကြမ်းမည့်အနေအထားမရှိပေ။

ထိုကြောင့် လာမည့်အပတ်တွင် လက်ရှိနှုန်းထားအတိုင်းပင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်နေမည်ဖြစ်သည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေပြီး ဒေါ်လာဈေးလည်း တက်နေသည်။

မိုခါမုန်တိုင်းအလွန်  ပြန်လည်တည်ဆောက်ရေးကိစ္စများနှင့် ပြည်တွင်းစီးပွားရေး မတည်ငြိမ်မှုများကြောင့် စက်သုံးဆီဈေးမှာ တက်ရိပ်ပြလာနိုင်သည်။