မြိတ်တွင် ကိုဗစ်ကူးစက်သူ ခြောက်ဦးထပ်တွေ့

0
2153

မြိတ်မြို့၌ ယနေ့ မေလ ၆ ရက်နေ့တွင် ကိုဗစ်ကူးစက်သူ ခြောက်ဦးထပ်‌တွေ့ကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။

ခရီးသွားမည့်သူတို့အား ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးရာမှ ဇနီးမောင်နှံနှစ်ဦးတွင် ပိုးတွေ့ရှိကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဇနီးမောင်နှံနှစ်ဦးတို့နှင့် ထိတွေ့ဆက်စပ်သူတို့အား ထပ်မံစစ်ဆေးရာ ကလေးတစ်ဦးနှင့် အမျိုးသမီးသုံးဦး တို့တွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိကြောင်း ၎င်းက ဆိုသည်။

“ကလေးက အသက် တစ်နှစ်ကျော်ကျော်လောက်ပဲ ရှိမယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါပိုးတွေ့သူ ခြောက်ဦးအနက်အများစုသည် ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးထားခြင်း မရှိသေးကြောင်း အထက်ပါအသင်းဝင်က ပြောသည်။

ကိုဗစ်ပိုးတွေ့ရှိသူများကို မြိတ်မြို့ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။

မြိတ်တွင် ဧပြီလအတွင်းက ကိုဗစ်ကူးစက်သူ သုံးဦးရှိခဲ့သဖြင့် ကိုဗစ်တွေ့ရှိသူ ကိုးဦးအထိရှိလာပြီဖြစ်သည်။

တိုင်းအတွင်းရှိ ထားဝယ်တွင် ကိုဗစ်တွေ့သူ ၁၀ ဦး၊ ကော့သောင်းတွင် ကိုးဦး၊ ဘုတ်ပြင်းတွင် ရှစ်ဦး၊ ရေဖြူတွင် နှစ်ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနထံမှသိရသည်။