တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2286

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဧပြီလ ၃၀ ရက်နေ့ မှ မေ ၆ ရက်နေ့အထိ

၂နှစ်ကျော်ကာလတွင် ကလေးလေးရာနီးပါးသေဆုံး

စစ်အာဏာသိမ်း ၂နှစ်ကျော်ကာလတွင် စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် ကလေး ၃၉၅ဦး အသက်သေဆုံးခဲ့ ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သေဆုံးသူထဲမှာ ယောင်္ကျားလေးက ပိုများပြီး ၂၆၅ဦး ရှိပါတယ်။ မိန်းကလေးကတော့ ၁၁၈ ဦးရှိပြီး ကျားမ မခွဲခြားနိုင်တာ ၁၄ဦး ရှိတယ်လို့ ဖော်ပြပါတယ်။

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ပြီးခဲ့တဲ့ ဧပြီလထဲမှာ ကလေး ၅၇ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်က ကလေး ၉၅ဦးသေဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၁၇၇ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ ၂၀၂၃ ခုနှစ် လေးလတာကာလအတွင်းမှာတော့ ၁၂၃ ဦးအထိ ရှိလာပြီး ကလေးသေဆုံးမှု မြင့်တက်လာနေပါတယ်။ 

……………………………………

နိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော် လွတ်ငြိမ်းခွင့်ရ

ကဆုန်လပြည့်နေ့မှာ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးလိုက်ပြီး သေဒဏ်ချမှတ်ခံထားရသူ ၃၈ဦးကိုလည်း သေဒဏ်ကနေလွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။

လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ၂၁၅၃ ဦးကတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးတရားစွဲဆိုပြီး ထောင်သွင်းအကျဉ်းချခံထားရသူတွေဖြစ်ပါတယ်။

စစ်ကောင်စီက မြန်မာနှစ်ဆန်းတစ်ရက် ဧပြီလ ၁၇ရက်ကလည်း အကျဉ်းသားသုံးထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ ပါသေးတယ်။ အဲဒီလိုလွတ်ငြိမ်းခွင့်ပေးရာမှာ နိုင်ငံရေးအကျဉ်းသားသုံးဦးပဲပါဝင်ခဲ့တဲ့အတွက်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

အခုတစ်ကြိမ် မေလ ၃ရက်မှာ လွတ်ငြိမ်းခွင့်ပြုရာမှာတော့ စစ်အာဏာသိမ်းကာလမှာ နိုင်ငံရေးအကျဉ်းသား အများဆုံး ပြန်လွှတ်ပေးတာလည်း ဖြစ်ပါတယ်။ သတင်းသမားငါးဦးလည်း လွတ်ငြိမ်းခွင့်ပြုရာမှာ ပါဝင်လာပါတယ်။

ဒီတစ်ကြိမ် လွတ်ငြိမ်းခွင့်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ ရောက်ရှိချိန်နဲ့လည်း တိုက်ဆိုင်နေတာကြောင့် ဆပ်စပ်မှုရှိနိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။

အာဏာသိမ်းပြီးနောက်မှာ လွတ်ငြိမ်းခွင့် ၁၂ ကြိမ်ပေးခဲ့ပြီး အကျဉ်းသား ခုနစ်သောင်းငါးထောင်ကျော် လွှတ်ပေးခဲ့တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားက ၁၀ ရာခိုင်နှုန်းလောက်ပဲ ပါဝင်ခဲ့ပါတယ်။

……………………………………

စစ်ခေါင်းဆောင်နဲ့လာတွေ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း (Qin Gang) ဟာ မေလ ၂ရက်နေ့မှာ မြန်မာနိုင်ငံသို့ လာရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဝန်ကြီးတာဝန်ယူပြီးနောက် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်တာပါ။ 

မြန်မာနိုင်ငံသို့ မလာခင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုဟေဇာလင်းနဲ့လည်း တရုတ်နိုင်ငံမှာ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါသေးတယ်။

တရုတ်နိုင်ငံက နိုင်ငံတကာမျက်နှာစာမှာ စစ်ကောင်စီနဲ့အတူရပ်တည်နေတာကို ပြသဖို့လာတာလို့ ဝန်ကြီးချင်ကန်းက ပြောတယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေက ဖော်ပြပါတယ်။

ဒီခရီးစဉ်မှာ နယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ စစ်ကောင်စီကို တိုက်တွန်းခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး ပိုကောင်းအောင် ဆောင်ရွက်နေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချင်ကန်းဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပါသေးတယ်။

……………………………………

KNU ဥက္ကဋ္ဌသစ် ပဒိုစောကွယ်ထူးဝင်း ရွေးချယ်ခံရ

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ နေရာအတွက် ပဒိုစောကွယ်ထူးဝင်း ရွေးချယ်ခံလိုက်ရပြီး KNU ရဲ့ ဆယ်ဦးမြောက်ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ 

KNU ရဲ့ ၁၇ ကြိမ်မြောက် ညီလာခံကနေ မဲစနစ်နဲ့ မေလ ၂ရက်နေ့မှာ ရွေးချယ်တင်မြှောက်လိုက်တာပါ။

လေးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိတဲ့ ညီလာခံကို ၂၀၂၁ ခုနှစ် ဇွန်လမှာ ကျင်းပဖို့စီစဉ်ခဲ့ပေမယ့် ကိုဗစ်ကပ်ဘေး၊ အာဏာသိမ်းမှုတွေကြောင့် ၂နှစ်လောက် နောက်ကျပြီးမှ ကျင်းပနိုင်ခဲ့တာပါ။ ဒီတစ်ကြိမ်ညီလာခံကို အွန်လိုင်းစနစ်နဲ့ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယခင်ဥက္ကဋ္ဌဖြစ်တဲ့ စောမူတူစေးဖိုးဟာ ကျန်းမာရေးအခြေအနေကြောင့် အရေးပေါ်ဆေးကုသမှုခံယူခဲ့ရတဲ့အတွက် ဥက္ကဋ္ဌနေရာအတွက် ဝင်အရွေးမခံခဲ့ဘူးလို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒကို ဆက်လက်ဆန့်ကျင်တိုက်ဖျက်ဖို့ ညီလာခံက အတည်ပြုခဲ့ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းမယ်လို့လည်း ညီလာခံမှာသံဓိဌာန်ပြုခဲ့တယ်လို့ မေလ ၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီညီလာခံကို KNU တပ်မဟာ ၅ က ကိုယ်စားလှယ်တက်ရောက်တာ မရှိဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ထုတ်ပြန်ချက်ထဲမှာတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဖော်ပြတာမျိုး မတွေ့ရပါဘူး။

……………………………………

ကယား (ကရင်နီ) မှာ အကြိမ်ရေ ၃၆၀ကျော် လေကြောင်းတိုက်ခံရ

၂နှစ်ကျော်ကာလအတွင်း ကယား (ကရင်နီ) ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်ရေ ၃၆၃ ကြိမ်ရှိလာပြီ ဖြစ်ပါတယ်။

အာဏာသိမ်းချိန်ကနေ ယခုနှစ် ဧပြီလ ၃ဝရက်အထိ စာရင်းဖြစ်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က မေလ ၁ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

လေကြောင်းတိုက်ခိုက်တာက ၂၀၂၁ ခုနှစ်မှာ နှစ်ကြိမ်ပဲရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာ ၁၈၂ ကြိမ်အထိ ရှိလာတာပါ။ ၂၀၂၃ ခုနှစ်မှာဆိုရင် ဧပြီလအထိ လေးလတာကာလမှာပဲ ၁၇၉ ကြိမ်အထိ ရှိလာတယ်လို့ ဆိုပါတယ်။

၂နှစ်ကျော်ကာလအတွင်း ကရင်နီဒေသမှာ တိုက်ပွဲပေါင်း ၆၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ ၃၁၈ ဦး သေဆုံးခဲ့သလို စစ်ဘေးရှောင်နေရင်းသေဆုံးသူလည်း ၁၃၄ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

နေအိမ်ပေါင်း ၁၅၀ဝနီးပါး ပျက်စီးခဲ့သလို ဖမ်းဆီးခံရသူလည်း ၂၇၉ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

ယခုသီတင်းပတ်အတွင်း ပဲခူးတိုင်း ထန်းတပင်မြို့နယ်မှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သုံးဦးသေဆုံးခဲ့ရပါသေးတယ်။

……………………………………

စစ်ဘေးရှောင် ၆၀ကျော် မြွေကိုက်ခံရ၊ ကလေးအပါအဝင် ခြောက်ဦးသေဆုံး

စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ မြွေအန္တရာယ်နဲ့လည်း ရင်ဆိုင်နေကြရပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးပြီး တောထဲတောင်ထဲမှာ စစ်ဘေးရှောင်နေရင်း မြွေကိုက်ခံရသူ ၆၁ ဦးရှိလာပါပြီ။ အဲဒီထဲက ကလေးနှစ်ဦး အပါအဝင် ခြောက်ဦးကတော့ အသက်သေဆုံးခဲ့ရပါတယ်။

၂၀၂၁ နှစ်ကုန်ပိုင်းကနေ ၂၀၂၃ ခုနှစ် ဧပြီလအထိ မြွေကိုက်ခံရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလတစ်လထဲမှာကိုပဲ လေးဦး မြွေကိုက်ခံရပြီး နှစ်ဦးသေဆုံးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားတာပါ။ ဒါ့အပြင် မေလ ၁ရက်နေ့မှာလည်း အမျိုးသမီးတစ်ဦး မြွေကိုက်ခံရတယ်လို့ ဆိုပါတယ်။

မြွေပွေးကိုက်ခံရတာအများဆုံးဖြစ်ပြီး စစ်ကောင်စီက ဆေးဝါးတွေ သယ်ယူခွင့်ပိတ်ပင်ထားတာကြောင့် မြွေဆိပ်ဖြေဆေးတွေ ရဖို့ခက်ခဲသလို ဆေးရုံဆေးခန်းတွေကိုလည်း သွားဖို့ခက်ခဲတဲ့အတွက် အခုလို အသက်ဆုံးရှုံးကြရတာလည်း ဖြစ်ပါတယ်။

……………………………………

ကိုဗစ်မျိုးဗီဇပြောင်းပိုးတွေတွေ့လာ၊ ပိုးတွေ့သူများလာပြီး သေဆုံးသူလည်းရှိလာ

ပြည်တွင်းမှာ ကိုဗစ် အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ တွေ့လာပြီး ကိုဗစ်ကူးစက်မှုနှုန်းလည်း မြင့်တက်လာတဲ့အပြင် သေဆုံးသူလည်းရှိလာပါတယ်။

ကိုဗစ်ပိုးတွေ့သူတွေထဲက မျိုးရိုးဗီဇပြောင်းရောဂါပိုးဖြစ်နိုင်တယ်လို့ သံသယရှိသူ ၂၂ ဦးရဲ့ ဓာတ်ခွဲနမူနာကို စစ်ဆေးရာမှာ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ ကူးစက်နေတာကို တွေ့ရှိခဲ့ရတာပါ။

အိမ်နီးချင်းနိုင်ငံတွေမှာတွေ့နေတဲ့ Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB.1.16 ကို လူရှစ်ဦးမှာ တွေ့ရှိပြီး XBB.1.9.1 ပိုးလည်း လူရှစ်ဦးမှာတွေ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မေလ ၂ရက်မှာ ထုတ်ပြန်ထား ပါတယ်။ နောက်ထပ် မျိုးရိုးဗီဇပြောင်း ပိုးငါးမျိုးလည်း တွေ့တယ်လို့ ဆိုပါတယ်။

သင်္ကြန်ပွဲတော်ကာလပြီးနောက်ပိုင်းကနေ ပြည်တွင်းမှာ ကိုဗစ်ပိုးတွေ့တာ များလာပြီး အစောပိုင်းမှာ တစ်ရက်ကို လူဆယ်ဂဏန်း ပိုးတွေ့ရာကနေ မေလဆန်းမှာ တစ်ရာကျော်အထိ မြင့်တက်လာပါတယ်။ မေလ ၄ရက်နေ့က ဆိုရင် တစ်ရက်တည်း ၁၅၅ ဦးအထိ ကိုဗစ်ပိုးတွေ့ခဲ့ပါတယ်။

ဧပြီလ ၃၀ ရက်ကနေ မေလ ၄ရက်အထိ ငါးရက်အတွင်းမှာတော့ ကိုဗစ်ပိုးတွေ့လူနာ ၅၈၁ ဦးအထိ ရှိလာတာပါ။

ဧပြီလ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ ထုတ်ပြန်ချက်အရ ရန်ကုန်မှာ ကိုဗစ်ရောဂါနဲ့ သေဆုံးသူ နှစ်ဦးရှိခဲ့ပါတယ်။

……………………………………

အလုပ်သမားအခွင့်အရေး ဖိနှိပ်ခံနေရ

စစ်အာဏာသိမ်းကာလအတွင်းမှာ အလုပ်သမားအခွင့်အရေးတွေ ပိုမိုချိုးဖောက်ခံလာရပြီး ဖိနှိပ်မှုတွေ ပိုများလာပါတယ်။

မေလ ၁ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၁၃၃ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်တွေရဲ့ ထုတ်ပြန်ချက်တွေမှာ ထည့်သွင်းဖော်ပြကြတာပါ။

လုပ်ငန်းခွင်ဖိနှိပ်မှုတွေ ပိုများလာပြီး အလုပ်သမားထုဟာ စားဝတ်နေရေးနဲ့ အထွေထွေအကျပ်အတည်းတွေကို အပြင်းအထန်ခံနေရတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်-မြန်မာက ထုတ်ပြန်ပါတယ်။

ဒါကြောင့် အလုပ်သမားတွေရဲ့ တစ်ရက်အနည်းဆုံး လုပ်ခကို ၄၈၀၀ သတ်မှတ်ထားရာကနေ ကျပ်တစ်သောင်းအထိ တိုးမြှင့်သတ်မှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကတော့ အာဏာသိမ်းချိန်ကနေ အလုပ်သမားတွေရဲ့ အခွင့်အရေး ဆိုးဆိုးဝါးဝါးချိုးဖောက်ခံရပြီး အကျပ်အတည်းများစွာ ကြုံနေရတယ်လို့ ဆိုပါတယ်။

နောက်တစ်ခါ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကလည်း အလုပ်သမားတွေဟာ ခေါင်းပုံဖြတ်မှု မျိုးစုံခံနေရတယ်လို့ ဆိုပါတယ်။

အမြဲတမ်းလခစားဝန်ထမ်းတွေကို နေ့စားအဖြစ်ပြောင်းတာ၊ လုပ်ငန်းခွင်မှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ မီးဖွားဖို့ ခွင့်မပေးတာ၊ အတင်းအဓမ္မအလုပ်ခိုင်းတာ၊ လစာဖြတ်တောက်တာ၊ အလုပ်ထုတ်တာတွေ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

……………………………………

လားရှိုးမှာ ရာဇဝတ်မှုကျူးလွန်သူလေးဦးကို MNDAA က သေဒဏ်စီရင်

လူသတ်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲမှု ၂၅ ခုကို ကျူးလွန်ခဲ့တယ်ဆိုပြီး အမျိုးသားလေးဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က လူမြင်ကွင်းမှာ သေဒဏ်စီရင်လိုက်ပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ထဲမှာ မေလ ၂ရက်က စီရင်ခဲ့တာလည်းဖြစ်ပါတယ်။

သူတို့ဟာ တရုတ်နိုင်ငံသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးအပါအဝင် စုစုပေါင်း လူကိုးဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ သေဒဏ်စီရင်ခံရသူတွေဟာ လာရှိုးမြို့ ၅ ရပ်ကွက်မှာ နေထိုင်သူတွေဖြစ်ပြီး အသက် ၁၈ ကနေ ၂၉ နှစ်ကြားရှိသူတွေ ဖြစ်ကြပါတယ်။

သူတို့ဆီကနေ တရုတ်ယွမ် လေးသန်းကျော်၊ ကျပ်ငွေသန်း ခုနစ်ထောင်ကျော်နဲ့ ဇိမ်ခံကားတွေ ဖမ်းမိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက နှစ် ၃၀ကျော်အကြာမှာ သေဒဏ်စီရင်တာကို ပြန်လုပ်လာတဲ့အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ ပြစ်တင်ရှုတ်ချနေချိန်မှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က အခုလို စီရင်လာတာလည်း ဖြစ်ပါတယ်။

……………………………………

ဆိုင်ကလုန်းမုန်တိုင်း မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတမ်းအနီးရောက်နိုင်

မိုချာလို့ အမည်ပေးထားတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ မေလ ၈ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်ပြီး မေလ ၉ ရက်မှာ မုန်တိုင်းငယ်အဆင့်သို့ ရောက်နိုင်တယ်လို့ ဆိုပါတယ်။ မေလ ၁၀ ရက်နေ့မှာတော့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်တယ်လို့ မေလ ၆ရက်နေ့က ခန့်မှန်းထုတ်ပြန်ထားတာပါ။

မုန်တိုင်းဟာ မြစ်ဝကျွန်းပေါ်ဒေနဲ့ ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိလာနိုင်လို့ မေလ ၉ ရက်ကနေ ၁၄ ရက်အထိ မိုးသက်လေပြင်းကျပြီး လှိုင်းအလွန်ကြီးနိုင်သလို လေကလည်း တစ်နာရီကို မိုင် ၈၀ ကနေ ၉၀ အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာဖြစ်နိုင်လို့ သတိပေးထားပါတယ်။

လေယာဉ်တွေ၊ ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း မိုးဇလရဲ့ ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားဖို့ တိုက်တွန်းထားပါတယ်။

မုန်တိုင်း ကောလာဟလသတင်းတွေ၊ လေတိုက်နှုန်း ၁၂ဝအထိရှိပြီး တိုင်းနဲ့ပြည်နယ်တချို့ကို ဝင်ရောက်နိုင်တယ် ဆိုတဲ့ ဌာနဆိုင်ရာက ဖြန့်ဝေစာ အွန်လိုင်းမှာ ပျံ့နှံ့လာတာကြောင့် ပြည်သူတွေကြား စိုးရိမ်မှုမြင့်တက်ပြီး စားနပ်ရိက္ခာ ကြိုတင်စုဆောင်းတာတွေ ရှိလာပါတယ်။

……………………………………