ကမ်းဝေးကင်းမွန်လှေကြီးများ တစ်လပြန်ဖမ်းခွင့်ပြု

0
2415

မြိတ်၊ ကျွန်းစုအပါအဝင် ကမ်းရိုးတန်းဒေသ ငါးခုတွင် ကမ်းဝေးကင်းမွန်ဖမ်း လှေကြီးများအား တစ်လပြန်လည် ဖမ်းဆီးခွင့်ပြုကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနနှင့် မြိတ်ခရိုင်က လုပ်ငန်းရှင်များထံမှ သိရသည်။

ကမ်းဝေးကင်းမွန် မီးထွန်းလှေကြီးများအပါအဝင် ဝါလတ်၊ ဝါတန်းငါးဖမ်းလှေကြီးများကို ယခုနှစ်ငါးသားပေါက်ရာသီ ဖြစ်သည့် ဧပြီ၊ မေ၊ ဇွန် သုံးလပိတ်သိမ်းထားရာမှ လက်ရှိတွင် ကမ်းဝေးမီးထွန်းလှေကြီးများကို မေလတစ်လ ဖြေလျှော့ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

“ကင်းမွန်လုပ်ငန်းက နွေရာသီပဲလုပ်လို့ရတာ။ မိုးရာသီဆို လုပ်လို့မရတော့ဘူး။ အဲဒါကြောင့် မေလတစ်လ ခွင့်ပြုပေးဖို့ ကျွန်တော်တို့က တင်ပြတဲ့အပေါ် ပြန်ပြီးဖြေလျှော့ပေးလိုက်တာဖြစ်တယ်” ဟု ကျွန်းစုမြို့နယ် ကင်းမွန်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။

ငါးသားပေါက်ရာသီ သုံးလအတွင်း ကမ်းဝေးလှေများအပြင် အင်ဂျင်ပါဝါ မြင်းကောင်ရေ ၅၀ အထက်နှင့် လှေအလျား ပေ ၄၀ အထက်ရှိ ကမ်းနီးအထက်ကျော်လွန်နေသည့် ကမ်းလတ် မီးထွန်းလှေများပါ ရပ်နားခဲ့ရကြောင်း လှေလုပ်ငန်းရှင်များက ဆိုသည်။

“ခုကတော့ ကမ်းဝေးရော၊ ကမ်းလတ်တွေပါ တစ်လပြန်ထွက်ခွင့် ရသွားတာပေါ့။ မြင်းကောင်ရေ ၅၀ အောက်နဲ့ ပေ ၄၀ အောက်တွေက တစ်ညအိပ်ပြန် ဈေးမီငါးလှေ (ကမ်းနီး) ဖြစ်နေတော့ သူတို့က သုံးလနားရာမှာ အရင်ကတည်းက မပါဘူး” ဟု လုပ်ငန်းရှင်နောက်တစ်ဦးက ပြောဆိုသည်။

ကမ်းနီးလှေများမှာ မီးထွန်းရန် မြင်းကောင်ရေ ၂၅ ကောင်မှ ၃၀ ထက်မပိုသည့်အင်ဂျင်ပါဝါများဖြင့် ဖမ်းဆီးခွင့်ပြု ထားပြီး ကမ်းဝေးလှေများတွင်မူ မီးထွန်းရန် မြင်းကောင်ရေ ၅၀ မှ ၂၀၀ အထိ လေးလုံးထိုး၊ ခြောက်လုံးထိုး စသည့် အင်ဂျင်ကြီးများဖြင့် မီးထွန်းဖမ်းဆီးကြလေ့ရှိသည်။

ကမ်းဝေးလှေများကို ပြန်ထွက်ခွင့်ပြုသောကြောင့် ကမ်းနီးလှေများအတွက် အဆင်မပြေကြောင်း ကမ်းနီးကင်းမွန်လှေပိုင်ရှင်အချို့က ဆိုသည်။

“ကမ်းဝေးလှေတွေ နားလိုက်တဲ့အချိန်မှာမှ ကျွန်တော်တို့က နည်းနည်းပါးပါးစားရတာ။ အခု တစ်လပဲနားသေးတယ်။ ပြန်ထွက်ပြီဆိုတော့ ကျွန်တော်တို့ လှေငယ်တွေ ငတ်ဖို့ပဲရှိတယ်” ဟု ကမ်းနီးကင်းမွန်လှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရေလုပ်ငန်းရှင်များ အခက်အခဲများကို ပြန်လည်ကုစားရန်၊ ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရန်၊ လှေလုပ်သားများ အလုပ်အကိုင် ပြန်ရစေရန်၊ ပြည်ပပို့ကုန်တိုးမြှင့်ပြီး နိုင်ငံခြားငွေရရှိစေရန် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနက မေလ ၂ရက်နေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကင်းမွန်များကို နိုဝင်ဘာလမှစတင်ကာ ဧပြီ၊ မေလကုန်အထိနှစ်စဉ်ပုံမှန် ဖမ်းဆီးလေ့ရှိကြပြီး လျှပ်စစ်မီးထွန်းကာ ညအချိန်ပင်လယ်ပြင်တွင်း ဖမ်းဆီးကြသည်။

တနင်္သာရီတိုင်းအတွင်း ကမ်းဝေးမီးထွန်းလှေကြီး ငါးရာခန့်အပါအဝင် ကမ်းလတ်နှင့် ကမ်းနီးလှေစုစုပေါင်း အစီးရေ လေးထောင်ခန့်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။