တနင်္သာရီတိုင်းကို မုန်တိုင်းဝင်နိုင်ခြေရှိသလား

0
2559

မိုချာဟု အမည်ပေးထားသော ဖျက်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတစ်ခု တနင်္သာရီတိုင်း၊ မွန်၊ ကရင်ဘက်ကို ဝင်နိုင်ခြေရှိသည်ဆိုသော စာတစ်စောင် ‌မေလ ၅ ရက်နေ့က စကာ လူမူကွန်ရက်စာမျက်နှာ ( Facebook) တွင်ပျံ့နှံ့နေသည်။

တစ်နာရီ မိုင် ၉၀ မှ ၁၂၀ အထိ တိုက်ခတ်နိုင်ကြောင်း ရေးသားထားသည့် အဆိုပါစာတွင် မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ရုံးတံဆိပ်ကိုတွေ့ရသည်။

စာပါအကြောင်းအရာနှင့်ပတ်သက်ပြီး မေလ ၆ ရက် နံနက် ၉ နာရီခန့်တွင် မွန်ပြည်နယ်မိုးဇလဌာနသို့ Dawei Watch က ဆက်သွယ်မေးမြန်းခဲ့သည်။

မွန်ပြည်နယ်မိုးဇလဌာန တာဝန်ရှိသူတစ်ဦးက “ မုန်တိုင်းကမဖြစ်သေးပါဘူး။ လူတွေက Facebook ပေါ်မှာ လျှောက်ပြောနေကြတာ။ မုန်တိုင်းက ဝင်မယ်၊ မဝင်ဘူးဆိုတာ မပြောနိုင်သေးဘူး။ လေစီးကြောင်းကတော့ အဲဒီအထဲ( မွန်၊ တနင်္သာရီတိုင်းဘက်) ဖြတ်သန်းနေတာတော့ရှိတယ်။ သို့သော်မုန်တိုင်းသွားမယ့်လမ်းကြောင်းက အချိန်နဲ့အမျှ ပြောင်းလဲသွားနိုင်တယ်လေ။ အခုလောလောဆယ်တော့ ရခိုင်ဘက်ကို လမ်းကြောင်းပြောင်းနေတာရှိတယ်။ မုန်တိုင်းလာမယ်၊ မလားဘူးဆိုတာကို မိုးလေဝသဌာနက အချိန်နဲ့ တစ်ပြေးညီထုတ်ပြန်နေတာကို စောင့်ကြည့်ဖို့လိုတယ်” ဟုပြောဆိုခဲ့သည်။

လူမူကွန်ရက်စာမျက်နှာ (Facebook ) ပေါ်တွင် ပျံ့နှံနေသည့် စာပါအကြောင်းအရာနှင့်ပတ်သက်ပြီး မိုးလေဝသဌာနက ထုတ်ပြန်ထားခြင်းမဟုတ်ကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။

ယနေ့ မေလ ၆ ရက် မွန်းလွဲ ၂ နာရီအချိန်အထိ မွန်၊ တနင်္သာရီ၊ ကရင်၊ ရန်ကုန်တိုင်းတို့ ဘက်သို့ ဖျက်အားပြင်း မုန်တိုင်းဝင်နိုင်‌ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဘင်္ဂလားပင်လယ်အော်တွင်မူ မေလ ၈ ရက်နေ့တွင် မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး မေလ ၁၁ ရက်နေ့တွင်မူ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်းတိုင်းအဖြစ် အားကောင်းလာနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။

ဘင်္ဂလားပင်လယ်တွင် ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းအရှိန်ကြောင့် မြစ်ဝ‌ကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းတလျှောက်တွင် မေလ ၉ ရက်မှ ၁၃ ရက်နေ့အထိ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

မိုးသက်လေပြင်းကျရောက်ချိန် လေတိုက်နူန်းမှာ တစ်နာရီလျှင် မိုင် ၅၀ မှ ၆၀ အတွင်းရှိနိုင်ကြောင်းဆိုထားသည်။

တစ်နာရီလျှင် မိုင် ၉၀ မှ ၁၂၀ အထိ တိုက်ခတ်နိုင်ကြောင်း ထုတ်ပြန်ထားခြင်းမရှိပေ။ ယင်းအပြင် မုန်တိုင်းမှာ အစပြုခြင်းလည်းမရှိသေးကြောင်း ထုတ်ပြန်ချက်ကဆိုထားသည်။

“အခုချိန်အထိ မုန်းတိုင်းကမဖြစ်သေးဘူးလေ။ ပြီးတော့ ပင်လယ်မှာ လှိုင်းက ပေ ၉၀ တွေ၊ ၁၂၀ တွေက မဖြစ်လာနိုင်သေးဘူး။ ဖြစ်လာနိုင်တာနဲ့ မိုးလေဝသဌာနက ထုတ်ပြန်လိမ့်မယ်။ အဲဒီထုတ်ပြန်ချက်ကို စောင့်ကြည့်‌ရမယ်” ဟု မွန်ပြည်နယ် မိုး/ဇလ ဌာန တာဝန်ရှိသူကဆိုသည်။

လူမှုကွန်ရက်တွင် ပျံ့နေသော အဆိုပါစာတွင်ပါရှိသည့် ‌ရေလှိုင်းအမြင့်မှာ ၃၂ ပေမှ ပေ ၄၀ အထိမြင့်နိုင်ခြင်း၊ တစ်နာရီလေတိုက်နှုန်း မိုင် (၉၀ မှ ၁၂၀ ) အထိရှိမည်ဆိုသော အချက်များမှာ မိုး/ဇလဌာန၏ ထုတ်ပြန်ထားချက်များနှင့် ကိုက်ညီခြင်းမရှိကြောင်း တွေ့ရသည်။

သက်ဆိုင်ရာ ဌာနများကို Dawei Watch က စုံစမ်းမေးမြန်းချက်အရ ရက်စွဲမှားယွင်းနေသော်လည်း အကြောင်းကြားစာမှာ အစစ်ဖြစ်ပြီး စာပါအကြောင်းအရာမှာမူ နားလည်မှုလွဲမှားစွာ ရေးသားထားခြင်းဖြစ်သည်ကို တွေ့ရသည်။

မိုးလေဝသဦးစီးဌာနက ယနေ့ မေလ ၆ ရက် နံနက် ၁၀ နာရီကျော်အချိန် ထုတ်ပြန်ထားချက်အရ နောက်နှစ်ရက်အတွင်း ရန်ကုန်နှင့် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင် နေရာကွက်ကြား မိုးရွာသွန်းမည်ဟုဆိုထားပြီး ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၄ ပေ မှ ၆ ပေအထိ ရှိမည်ဟု ထုတ်ပြန်ထားသည်။