မြိတ်နှင့် ကော့သောင်းခရိုင် ပင်လယ်အတွင်း ငါးခိုးဖမ်းမှုများရှိနေ

0
2077

ကမ်းဝေးလှေများ ငါးမဖမ်းရရာသီ ပိတ်သိမ်းထားသော်လည်း မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ပင်လယ်ရေပြင်များတွင် ငါးခိုးဖမ်းမှုများ ရှိလာနေကြောင်း ဒေသခံရေလုပ်သားများထံမှ သိရသည်။

ယခုနှစ် ငါးမဖမ်းရရာသီကို ဧပြီ၊ မေ၊ ဇွန် သုံးလ သတ်မှတ်ထားခြင်းဖြစ်သည်။

ကော့သောင်းခရိုင်အတွင်းရှိ ဇာဒက်ကြီး၊ ဂျလန်း၊ ကျွန်းမဲ၊ လငန်းနှင့် ကျွန်းစုမြို့နယ်အတွင်းရှိ ပြင်စဘုကျွန်း၊ ပုလဲကျွန်း၊ ရေကန်တောင်ရွာနှင့် ရေအေးရွာအနီးတဝိုက်တွင် ဝင်ရောက်ခိုးဖမ်းနေသည်ကို တွေ့ရကြောင်း ဒေသခံရေလုပ်သားများက ပြောသည်။

“လှေနာမည်တွေ တာလပတ်အုပ်ထားတယ်။ အနီရောင်လိုင်းတွေကို အမဲရောင်ဆေးသုတ်ပြီး လာခိုးဖမ်းနေကြတယ်။ လငန်းကျွန်းအနီးမှာကို အစီးရေ တစ်ဆယ်နီးပါးရှိနေတယ်” ဟု ဒေသခံရေလုပ်သားတစ်ဦးက ပြောဆိုသည်။

လာရောက်ခိုးဆွဲနေသည့် လှေများမှာ ဝါလတ်၊ ဝါတန်း၊ ဝိုင်းချုပ်ကင်းမွန်လှေကြီးနှင့် မြုံးလှေများ ဖြစ်ကြောင်း ဒေသခံရေလုပ်သားများက ဆိုသည်။

“ခြေရာခံ စက်တွေတော့ ဘယ်လှေတွေမှာ ထားခဲ့သလည်းတော့ မသိဘူး။ ကမ်းနီးတွေမှာလည်း လာဆွဲနေတာတွေ့ရတယ်” ဟု ဒေသခံ ရေလုပ်သား နောက်တစ်ဦးက ပြောသည်။

ကမ်းဝေးလှေများ ကမ်းနီးသို့ ဝင်ရောက်ငါးခိုးဆွဲမှုများအား စောင့်ကြည့်ရန် အစိုးရက ၂၀၁၉ ခုနှစ်မှစတင်ကာ ငါးဖမ်းလှေခြေရာခံစနစ် VMS (Vessel Monitoring System) စက်ခေါင်းများအား ကမ်းဝေးလှေများတွင် တပ်ဆင်ပြီး စောင့်ကြည့် အရေးယူခဲ့သည်။

သို့သော် ယခုငါးဖမ်းရာသီပိတ်ပြီး တစ်လအတွင်း အရေးယူထားသည်ကို မကြားရသေးကြောင်း ကော့သောင်းမြို့နေ ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

“ခိုးဆွဲနေတာက မြိတ်ဖက်က အများဆုံးပဲ။ ကော့သောင်းမှာက ကမ်းဝေးလှေအနည်းစုပဲ ရှိသလို အားလုံးက ကမ်းကပ်ထားကြတယ်” ဟု ၎င်းက ပြောသည်။

ငါးခိုးဆွဲသည့် ကမ်းဝေးကင်းမွန်လှေကြီးများကြောင့် ကမ်းနီးကင်းမွန်လှေငယ်များ ကင်းမွန်မရရှိဘဲ လက်ရှိတွင် အခက်တွေ့နေသည်ကို မြင်တွေ့နေရကြောင်း ၎င်းက ဆိုသည်။

မြိတ်မြို့နေ ကမ်းဝေးလုပ်ငန်းရှင်ကလည်း “ခိုးဆွဲနေကြတယ်လို့တော့ ကြားရတယ်။ ကျွန်တော်တို့ကတော့ ဒီလိုအလုပ်မျိုး မလုပ်ဘူး” ဟု မြိတ်မြို့နေ ပြောသည်။

ပင်လယ်ပြင်တွင် ငါးမဖမ်းရရာသီအတွင်း ငါးခိုးဆွဲမှုများ၊ ကမ်းဝေးလှေများ ကမ်းနီးဧရိယာတွင် ဝင်ရောက်ငါးဖမ်းသည့် ပြဿနာများ ယခင်အစိုးရအဆက်ဆက်ကတည်းကရှိနေပြီး ခြေရာခံစနစ်ဖြင့် စောင့်ကြည့်ကာ ဖမ်းဆီးအရေးယူမှု အချို့ ပြုလုပ်နေသော်လည်း ပပျောက်ခြင်းမရှိသေးပေ။

မြန်မာနိုင်ငံအတွင်း တနင်္သာရီတိုင်းသည် ကမ်းဝေးငါးဖမ်းလှေအများဆုံးရှိပြီး တိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်ရှိနေသည်။