ကော့သောင်း ယင်းဝါရေလှောင်ကန်တွင် ကလေးတစ်ဦး ရေနစ်သေဆုံး

0
1965

‌ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက်က ကလေးတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ကူညီကယ်ဆယ်ပေးခဲ့ကြသည့် ပရဟိတအဖွဲ့ထံမှ သိရသည်။

အသက် ၁၄ နှစ်အရွယ် ယောင်္ကျားလေးသည် ဧပြီလ ၂၉ ရက်က အရွယ်တူသူငယ်ချင်းများနှင့်တူ ယင်းဝါရေလှောင်ကန်တွင် ရေသွားကူးရာမှ ရေနစ်သေဆုံးသွားခြင်းဖြစ်ကြောင်း ကယ်‌ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ဆိုသည်။

“သူငယ်ချင်းတွေ ရေကူးရင်းနဲ့ တစ်ယောက်က ရေနစ်သွားတာပေါ့။ သူ့သူငယ်ချင်းတွေကလည်း အိမ်ပြန်မပြောပြရဲတော့ အချိန်လွန်မှ သိလိုက်ရတာပေါ့” ဟု ၎င်းက ပြောသည်။

ရေနစ်ပြီး မိနစ်သုံးခန့်အကြာမှ သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များထံ အကြောင်းကြားလာသဖြင့် သွားရောက် ကယ်ဆယ်ချိန်တွင်ပင် သေဆုံးနေပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းဝါရေလှောင်ကန်မှာ ကော့သောင်းမြို့ကို ရေပေးဝေသည့် ရေကန်ဖြစ်ပြီး နွေရာသီတွင် ခန်းခြောက်လာသဖြင့် သောက်ရေအတွက် အဆင်မပြေတော့ကြောင်း ဒေသခံအချို့က ပြောသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ လယ်ပိုင်းကလည်း အေးရိပ်ငြိမ်းရပ်ကွက်မှ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သူငယ်ချင်းများနှင့်အတူ ရေသွားကူးရာမှ ‌ရေနစ်သေဆုံးခဲ့ဖူးသည်။