ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
2346

ယခုအပတ် ရွှေဈေးမှာ ထိုးတက်သွားပြီး ထိုင်းဘတ်ဈေးလည်း တရွေ့ရွေ့ တက်နေသည်။

ဓာတ်ဆီဈေးမှာမူ အကျဘက်ရောက်နေပြီး တစ်လီတာလျှင် ကျပ် ရာဂဏန်းအထိ ကျသွားသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

သိန်းသုံးဆယ်ကျော်လာသည့် ရွှေဈေး

အခေါက်ရွှေဈေးမှာ အတက်ကြမ်းခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်ကျော်သွားခဲ့သည်။

ကမ္ဘာ့ရွှေဈေး တက်လာသည့်အတွက် ပြည်တွင်းရွှေဈေးတက်လာခြင်းဖြစ်သည်။

မေလ ၄ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်းပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းသုံးဆယ်ငါးထောင်ကျပ်(၃၀၀၅၀၀၀) အထိ ဈေးဖွင့်ခဲ့သည်။

ယင်းကာလမတိုင်မီက တစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းခုနှစ်သောင်းကျော်သာ ပေါက်ဈေးရှိခဲ့သည်။

ထိုင်းဘတ်ငွေဈေးလည်း တရွေ့ရွေ့တက်လာနေသည်။

တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၄ ကျပ်နီးပါးရှိခဲ့ပြီး နောက်ရက်များတွင် ပြားဂဏန်း တက်လာခဲ့သည်။

ယခုအပတ် သောကြာတွင် တစ်ဘတ်လျှင် ၈၄ ကျပ်ကျော် ပေါက်ဈေးရှိနေပြီး ထိုင်းငွေ ၁၁၈၇  ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

တောက်လျှောက်ကျလာသည့် စက်သုံးဆီဈေး

တနင်္သာရီတိုင်း၏ ဓာတ်ဆီဈေးမှာ တောက်လျှောက်ကျလာပြီး တစ်လီတာလျှင် ကျပ်နှစ်ထောင်အောက် ရောက်လာသည်။

ယခုအပတ် ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၁၉၄၅ ကျပ် မှ ၂၀၉၀ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချနေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၄၀၀ ကျပ်မှ  ၃၂၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ အပြောင်းအလဲရှိလာနိုင်ပြီး အကျဘက် ရောက်လာနိုင်ကြောင်း ခန့်မှန်းရသည်။

ရွှေတစ်ကျပ်သား သိန်းသုံးဆယ်ငါးထောင်ကျပ် ပေါက်ဈေးရှိခဲ့သည့် မေလ ၄ ရက်နေ့က ကမ္ဘာ့ဈေးကွက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၄၀ ပေါက်ဈေးရှိခဲ့သည်။

လက်ရှိတွင်မူ တစ်အောင်စလျှင် ၂၀၁၇ ဒေါ်လာဈေးဖွင့်ထားသည့်အတွက် အကျဘက်ရောက်နေသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၁၉၈၃ ဒေါ်လာ ဈေးပေါက်ခဲ့သည်။

အထက်ပါ အချက်အလက်များအပြင် ပြည်တွင်းရွှေဈေးသိန်းသုံးဆယ်ကျော်လာတိုင်း စစ်ကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ) က ရွှေလုပ်ငန်းရှင်များကို ခေါ်ယူခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းများလုပ်လေ့ရှိသည့်အတွက် ဈေး ပြန်ကျလေ့ ရှိသည်။

ယင်းကြောင့် လာမည့်အပတ် ပြည်တွင်းရွှေဈေးမှာ ကျပ်သိန်းသုံးဆယ်အောက်တွင် အလှုပ်အခတ်နည်းနည်းဖြင့် ဈေးဖွင့်နေမည်ဖြစ်သည်။

ထိုင်းဘတ်ဈေးလည်း အလှုပ်အခတ်နည်းနည်းဖြင့် အတက်ဘက်ရောက်နေမည်ဟု သုံးသပ်ရသည်။

ရွှေဈေးမတည်ငြိမ်မှုနှင့် ပြည်တွင်းပဋိပက္ခများကြောင့် ထိုင်းဘတ်ငွေမှာ အတက်အကျ ကြမ်းမည့်အနေအထားတွင် မရှိပေ။

 ထိုကြောင့် လာမည့်အပတ်တွင် လက်ရှိနှုန်းထားအတိုင်းပင် ဈေးဖွင့်နေမည်ဖြစ်သည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေပြီး ဒေါ်လာဈေးမှာ ငြိမ်နေသည်။

အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၅၅ ကျပ် ပေါက်ဈေးရှိနေသည်။

ယူကရိန်-ရုရှားစစ်ပွဲနှင့် ကမ္ဘာ့ရေးရာကိစ္စများကြောင့် စက်သုံးဆီဈေးမှာ မတည်မငြိမ်ဖြစ်နေမည့် သဘောရှိသည်။

ပြည်တွင်းလျှပ်စစ်မီးပြတ်တောက်မှုနှင့် ဈေးကွက်အတွင်း စက်သုံးဆီဝယ်လိုအားများခြင်းကြောင့် ဓာတ်ဆီဈေးမှာ ကာလကြာရှည် မကျဘဲ အချိန်တစ်ခုအတွင်း ပြန်တက်လာနိုင်ဖွယ်ရှိသည်။