ရွှေဂူတံတားစစ်ဆေးရေးဂိတ်တွင် ကားသုံးစီးဆင့်တိုက်ပြီး အမျိုးသမီးသုံးဦးဒဏ်ရာရ

0
2365

ထားဝယ်မြို့နယ် ရှင်မုတ္ထီးရွာအထွက် ရွှေဂူတံတားရှိ စစ်‌ကောင်စီစစ်ဆေးရေးဂိတ်တွင် ယနေ့ မေလ ၆ ရက် နံနက် ၇ နာရီခန့်က ကားသုံးစီးဆင့်တိုက်မိပြီး သုံးဦးဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာက အုန်းသီးတင်ဆောင်လာသည့် ၁၂ ဘီးကုန်တင်ကား ဘရိတ်ပေါက်ပြီး အရှိန်လွန်ကာ ခရီးသည်တင်ကားငယ်နှစ်စီးကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း ဒေသခံခရီးသွားအချို့က ဆိုသည်။

သရက်ချောင်းမြို့နယ် နတ်ဆိရွာမှာ ထားဝယ်သို့သွားသည့် ကားပေါ်တွင် လိုက်ပါလာသူ ခရီးသည်အမျိုးသမီးသုံးဦး ဒါဏ်ရာရကြောင်း ဒေသခံခရီးသွားတစ်ဦးက ပြောဆိုသည်။

“တစ်ဦးက မျက်ခုံးမှာဒဏ်ရာရတယ်။ တစ်ဦးကတော့ နှုတ်ခမ်းကွဲသွားတယ်။ ဒဏ်ရာကတော့ ပြင်းပြင်းထန်ထန် မဟုတ်ဘူး” ဟု ၎င်းဒေသခံက ပြောသည်။

အဆိုပါကားတိုက်မှုကြောင့် ခရီးသည်တင် ကားငယ်နှစ်စီးလုံးတွင် ကားဦးခေါင်းပိုင်း ထိခိုက်ပျက်စီးသွားကြောင်း ခရီးသွားဒေသခံအချို့က ‌ဆိုသည်။

ဒဏ်ရာရလူနာများကို ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် အရေးပေါ်ကားဖြင့် ထားဝယ်မြို့သို့ သယ်ဆောင်သွားကြောင်း ခရီးသွားဒေသခံများထံမှ သိရသည်။

ရွေကူတံတားသည် ထားဝယ်နှင့် သရက်ချောင်းမြို့နယ်အစပ်တွင်ရှိပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားခြင်းဖြစ်သည်။