ကံပေါက်တွင် ဧည့်စာရင်းတိုင်ရန်ပါ ဖိအားပေးလာ

0
2004

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုရှိ ရပ်ကွက် ၁၁ ခုတွင် နယ်ခံမဟုတ်ဘဲ နေထိုင်သူများ ဧည့်စာရင်းတိုင်ကြားရန် စစ်ကောင်စီက ထပ်မံကြေညာနေကြောင်း ဒေသခံတို့ကပြောသည်။

စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မေလ ၄ ရက် ညနေပိုင်းတွင် အသံချဲ့စက်ဖြင့် ရွာထဲ လိုက်လံကြေညာခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

ဧည့်စာရင်းမတိုင်သည်ကို စစ်ဆေးတွေ့ရှိပါက တာဝန်ယူရမည်ဟုလည်း ကြေညာခဲ့သည်ဟု ဆိုသည်။

ကံပေါက် အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသားသုံးဦး ယခုနှစ် ဇန်နဝါရီလ ၄ ရက်က ပစ်ခတ်ခံရပြီးနောက် ကံပေါက်ဒေသတွင် ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ခံလိုက်ရသည်။

ယင်းသို့ပိတ်ပင်ခံရပြီး လေးလကျော် ကြာမြင့်လာချိန်တွင် ဧည့်စာရင်းတိုင်ရန်ပါ ထပ်မံတင်းကျပ်လာခြင်းဖြစ်သည်။

“ဧည့်စာရင်းက အာဏာသိမ်းပြီးကတည်းက ပြန်တိုင်နေရတာပဲ။ အခုက တစ်ခုခု ထပ်ပြောချင်တဲ့ သဘောလားမသိဘူး။ တာဝန်ယူရမည်လို့လည်း ကြေညာသွားတယ်။ ဘယ်လိုယူတာဝန်ယူရမယ်ဆိုတာလဲတော့ မသိဘူး” ဟု ဧည့်စာရင်းပုံမှန်တိုင်နေရသည့် ကံပေါက်ဒေသတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ကံပေါက်ဒေသရှိ သတ္တုတွင်းလုပ်ငန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများနှင့် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းများတွင် အခြားဒေသမှ လုပ်ငန်းလာရောက်လုပ်ကိုင်သူအများအပြားရှိသည်။

အာဏာသိမ်းမှုဖြစ်စဉ်ပြီးနောက် ကံပေါက်ဒေသတွင်ညဘက် နေအိမ်အချို့ ရှောင်တခင်ဝင်ရောက်ရှာဖွေ ဖမ်းဆီးခံရမှုများရှိသော်လည်း ဧည့်စာရင်းစစ်ဆေးခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။

ဧပြီလ ၃၀ ရက်က ကံပေါက်ဒေသ ဈေးနှင့် ကျောက်တိုင်အနီးတွင် ဒေသခံမဟုတ်သူ အမျိုးသားတစ်ဦး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများကြွေးကြော်ကာ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ဖူးကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းနောက် အဆိုပါ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ အဖမ်းခံရပြီး ကံပေါက်နယ်မြေရဲစခန်းတွင် ယနေ့အထိ အဖမ်းခံထားရကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါဖြစ်စဉ်ပြီးနောက် ကံပေါက်ဒေသတွင် ဧည့်စာရင်းတိုင်ရန် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ထပ်မံကြေညာလာခြင်းဖြစ်သည်။

ဧည့်စာရင်းဥပဒေကို အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် တွင် စစ်ကောင်စီက စတုတ္ထအကြိမ်ပြင်ဆင်ခဲ့ပြီး ဧည့်စာရင်းတိုင်ရန် ပျက်ကွက်ပါက ထောင်ဒဏ် ၇ ရက် သို့မဟုတ် ငွေဒဏ် တစ်သောင်းကျပ် ချမှတ်မည်ဖြစ်ကြောင်း ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။