လောင်းလုံး မင်းရပ်ရွာဆိုင်းဘုတ်အောက်တွင် အမျိုးသားအလောင်းတွေ့

0
2506

လောင်းလုံးမြို့နယ် ထားဝယ်-လောင်းလုံးကားလမ်းမဘေး မင်းရပ်ရွာဆိုင်းဘုတ်အောက်တွင် ယနေ့ မေလ ၅ ရက် နံနက် ၉ နာရီခန့်က အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိကြောင်း မျက်မြင်တွေ့ရှိသူဒေသခံများက ပြောသည်။

ဦးခေါင်းတွင် ပစ်ခတ်ခံထားရသဖြင့် သွေးထွက်ဒဏ်ရာဖြင့် မှောက်လျက်အနေထားဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

သေဆုံးသူမှာ လောင်းလုံးမြို့ (ဃ) ရပ်ကွက်တွင်နေထိုင်သည့် အသက် ၄၀ ကျော်အရွယ်ရှိ ဦးမင်းအောင် ဆိုသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းသည် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပြီး ငါးရောင်းပြီးအပြန်တွင် ပစ်ခတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်ဒဏ်ရာကတော့ ဦးခေါင်းမှာ နှစ်ချက်ရှိတယ်။ နောက်စေ့မှာတစ်ချက်၊ ဝဲဘက်ပါးမှာ တစ်ချက်တေ့ြရတယ်” ဟု ၎င်းက ဆိုသည်။

ရုပ်အလောင်းကို အရေးပေါ်ကားဖြင့် ထားဝယ်ဘက်သို့ သယ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဦးမင်းအောင်ဆိုသူကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးပေ။