ဖိလစ်ပိုင်တွင် အသေးစား နျူကလိယ ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် အမေရိကန် ကုမ္ပဏီစီစဉ်

0
1804

အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် NuScale Power သည် ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံ (ဒေါ်လာ ၁၀ ဘီလီယံ) တန်ဖိုးရှိ နျူကလိယ ဓာတ်ပေါင်းဖိုငယ် (Small Modular Reactors – SMRs) များ တည်ဆောက်ရန် အစီအစဉ်များကို မေလ ၁ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့သည်။

NuScale ကုမ္ပဏီ မှ ထိပ်တန်းအရာရှိများသည် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ နှင့် တွေ့ဆုံခဲ့ရာတွင် အဆိုပါ ရည်ရွယ်ချက်များကို ထုတ်ဖော်ပြောဆိုမှု ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ တွေ့ဆုံမှုသည် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကို သွားရောက်တွေ့ဆုံမည့် သမ္မတ မားကို့စ်၏ အိမ်ဖြူတော် ခရီးစဉ် မတိုင်မီ က ဖြစ်သည်။

အမေရိကန်နိုင်ငံ၏ မြို့တော်တွင် ငါးရက်ကြာ အစီအစဉ်များဖြင့် ရောက်ရှိနေသည့် သမ္မတ မားကို့စ်က NuScale ၏ SMR စီမံကိန်းသည် ပြည်နယ်အများအပြားတွင်း နာရီပေါင်းများစွာ ဓာတ်အား ပြတ်တောက်မှု ဖြစ်စေခဲ့သော ဖိလစ်ပိုင်နိုင်ငံ၏ စွမ်းအင်ပြတ်လပ်မှုကို ဖြေရှင်းရာတွင် များစွာ အရေးပါလာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့အနေနဲ့ (စွမ်းအင်ပြဿနာကိုဖြေရှင်းဖို့) အရာအားလုံးကို လိုအပ်ပါတယ်။ ဒီအချိန်မှာ ဒီလို နည်းပညာသစ်က ကျွန်ုပ်တို့ လိုအပ်နေမှုတွေထဲက တစ်ခုပါပဲ” ဟု မားကို့စ် ကပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ၊ စက်တင်ဘာလတွင် မားကို့စ်သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့သို့ အလည်အပတ်ခရီးစဉ်တွင်း  NuScale၏  အမှုဆောင်အရာရှိများနှင့် တွေ့ဆုံခဲ့သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး (အတိအကျ) နယ်မြေသတ်မှတ်တာမျိုးတွေ မရှိသေးဘူး။ ဒါပေမဲ့(ဒီစီမံကိန်းအတွက်) သူတို့က လူဇွန်ကျွန်း (ဖိလစ်ပိုင်နိုင်ငံတွင်း ကျွန်းတစ်ခု) ကို စဉ်းစားနေကြတယ်” ဟု ဂါရာဖေးလ် က Inquirer သတင်းဌာန သို့ပြောသည်။

အမေရိကန်နိုင်ငံ ၊ အော်ရီဂွန်အခြေစိုက် NuScale ကုမ္ပဏီက ၎င်း၏ အသေးစား နျူဓာတ်ပေါင်းဖိုများ တည်ဆောက်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံ အတွင်း အဆင်ပြေနိုင်သည့် ဧရိယာများကို သတ်မှတ်ရန် မကြာမီ လေ့လာမှုတစ်ခု ပြုလုပ်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသေးစား နျူဓာတ်ပေါင်းဖို (SMRs) များသည် သမားရိုးကျ နျူဓာတ်အားပေးဓာတ်ပေါင်းဖို၏ အရွယ်အစားနှင့် ကုန်ကျစရိတ်၏ တစ်စိတ်တစ်ပိုင်းမျှသာ ရှိသည့်အတွက် ပုံမှန်ထုတ်လုပ်မှုစွမ်းရည်၏ သုံးပုံတစ်ပုံခန့်ရှိရုံဖြင့် ကာဗွန်နည်းသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency – IAEA) မှ သိရသည်။

လက်ရှိ သမ္မတမားကို့စ်သည် ဖိလစ်ပိုင်နိုင်ငံ၏ စွမ်းအင်ရောနှောမှုတွင် နျူကလိယစွမ်းအင် ပါဝင်မှုကို အားတက်သရော ထောက်ခံအားပေးခဲ့သည်။

၂၀၂၂ ခုနှစ် ၊ ဇူလိုင်လတွင်း ၎င်း၏ပထမဆုံး နိုင်ငံတော်မိန့်ခွန်းတွင် နိုင်ငံ၏နျူကလိယ စွမ်းအင်မူဝါဒများကို ဆန်းစစ်ရန် အချိန်တန်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်အနေနှင့် နျူကလိယ စွမ်းအင် ကို အသုံးပြုရန် ဆုံးဖြတ်ပါက အစိုးရသည် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ လမ်းညွှန်ချက်များကို လိုက်နာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ IAEA ၏ လမ်းညွှန်ချက်များအရ နျူကလိယ စွမ်းအင် အစီအစဉ်ကို စတင်ရန် ကြိုးပမ်းနေသည့် နိုင်ငံသည် အခြေခံအဆောက်အအုံဆိုင်ရာ ပြဿနာ ၁၉ ခုကို ဦးစွာဖြေရှင်းရမည် ဖြစ်သည်။

Reference

●       The Straits Times