ကံပေါက်တွင် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဆိုင်ကယ်စီးခွင့်ပိတ်

0
2822

ရေဖြူမြို့နယ် ကံပေါက်ဒေသအတွင်း ဆိုင်ကယ်စီးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်လိုက်ကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ ဇန်နဝါရီလ ၂၅ ရက် နေ့လယ်ပိုင်းတွင် ကံပေါက်ကျေးရွာအုပ်စု၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်စိုးနှင့် အခြားအမျိုးသားတစ်ဦးတို့ကို အမည်မသိလက်နက်ကိုင်များက လာရောက်ပစ်ခတ်သဖြင့် ဒဏ်ရာရှိခဲ့သည်။

ယင်းနောက် ညနေပိုင်းတွင် မောရဝတီရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာပြီး ‌ကံပေါက်ကျေးရွာအုပ်စုရှိ ရပ်ကွက် ၁၀ ရပ်ကွက်အတွင်း ဆိုင်ကယ်စီးနင်းသွားလာခွင့် ပိတ်လိုက်သည်ဟု လာရောက်ပြောဆိုခဲ့ကြောင်း ကိုယ်တိုင်ကြားခဲ့ရသည့် ဒေသခံတစ်ဦးက ဆိုသည်။

မောရဝတီရေတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကံပေါက်အခြေခံပညာအထက်တန်းကျောင်း အရှေ့တွင် လမ်းသွားလမ်းလာ ဆိုင်ကယ်များအား ရပ်တန့်စစ်ဆေးကာ ဆိုင်ကယ်စီးခွင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီ ဖြစ်သည်ဟု ပြောဆိုကြောင်း ၎င်းက ဆိုသည်။

နောက်ရက်များတွင် ဆိုင်ကယ်စီးသည်ကို တွေ့ရှိပါက ဖမ်းဆီးမည်ဟုလည်း ပြောဆိုခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“မနက်ဖြန် သူများတွေ ဘယ်လိုသွားလာလဲပဲ ကြည့်ရတော့မယ်။ ဈေးကထွက်ရမလား။ မထွက်ရဘူးလားမသိဘူး။ ကိုယ့်မှာပစ္စည်းတွေက ပုံနေပြီ” ဟု ရွာစဉ်လှည့် ဈေးရောင်းနေသည့် ကံပေါက်ဒေသခံတစ်ဦးက ပြောသည်။

ပိတ်ထားသည့်ကာလအတွင်း ဆိုက်ကယ်စီးနင်းပါက မည်သည့်ဥပဒေဖြင့် အရေးယူမည်ကိုမူ ပြောဆိုသွားခြင်းမရှိဟု ဒေသခံတို့က ဆိုသည်။

ကံပေါက်ဒေသအပါအဝင် တနင်္သာရီတိုင်းတစ်ခုလုံးသည် လမ်းပန်းဆက်သွယ်သွားလာရေးအတွက် ဆိုင်ကယ်ကို အဓိကအသုံးပြုသည့်‌ဒေသဖြစ်ပြီး ရန်ကုန်ကဲ့သို့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်မရှိပေ။

ရေဖြူမြို့နယ် ကံပေါက်ဒေသနှင့် ကလိန်အောင်မြို့တို့တွင် ဇန်နဝါရီလ ၂၄ရက်၊ ၂၅ ရက်တို့က အမျိုးသား လေးဦး ပစ်ခတ်ခံရသည့်ဖြစ်စဉ်များတွင် သုံးဦးကို ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ကလိန်အောင်မြို့တွင်မူ ယမန်နှစ် အောက်တိုဘာလဆန်းမှ ယနေ့အချိန်အထိ အမျိုးသားနှစ်ဦး ဆိုင်ကယ် တစ်စီးတည်း အတူမစီးရဆိုသည့် ဒေသန္တရအမိန့်ထုတ်ပြန်ထားဆဲဖြစ်သည်။

ဆန္ဒပြပွဲ အားကောင်းစဉ်ကာလ ၂၀၂၁ ခုနှစ် မတ်လ ၇ ရက်နေ့က ကံပေါက်ဒေသ သပိတ်စစ်ကြောင်းတွင် ပါဝင်သူများ၏ ဆိုင်ကယ်အစီးရေ ရာချီ အသိမ်းခံလိုက်ရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။