တနင်္သာရီတွင် တိုက်ပွဲဆက်ဖြစ်နေပြီး ညဖက်မသွားလာကြရန် ထုတ်ပြန်

0
2599

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ပြည်ထောင်စုလမ်းပေါ်တွင် ညဖက်သွားလာခြင်းမပြုကြရန် တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

ဇန်နဝါရီလ ၂၃ ရက်မှ ယနေ့ ဇန်နဝါရီလ ၂၅အထိ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး ပြည်ထောင်စုလမ်းပေါ် ည ၇ နာရီမှ နံနက် ၅ နာရီအထိ ယာဉ်များမောင်းနှင်သွားလာခြင်း မပြုကြရန် ထုတ်ပြန်အသိပေးထားသည်။

ယင်းအပြင် စစ်ကောင်စီတပ်ကားများနှင့် နီးကပ်စွာသွားလာခြင်း မပြုရန်၊ အမိုးအကာဖုံးအုပ်ထားခြင်း မပြုရန်၊ မှန်ဖွင့်မှောင်းနှင်ရန်နှင့် တော်လှန်ရေးအဖွဲ့များ၏ စစ်ဆေးလျှင် ကြည်ဖြူစွာလက်ခံရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ညဖက်ကတော့ မသွားတာ တော်တော်ကြာနေပြီ။ နေ့ဖက်တောင် သတင်းလေသံနားထောင်ပြီးမှ သွားနေရတာ။ ညဖက် တချို့သွားတဲ့ အိမ်စီးကားတွေလည်း ရှိနေတယ်” ဟု မြိတ်-ကော့သောင်းခရီးသည်တင်ကား မောင်းသူတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၂၃ ရက်ကစပြီး ယနေ့အထိ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်၊ ညောင်ပင်ကုန်း၊ ဗောဓိကမ်းနှင့် ယမ်းဖိုကျေးရွာဖက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

“ယမ်းဖိုဖက်မှာ မနက်ကတည်းက တစ်နေကုန်ပစ်နေတာ။ နားလိုက်ပစ်လိုက် ကျည်ဖြည့်လိုက် လုပ်နေကြတယ်ထင်တယ်။ အခုထိ လက်နက်ကြီးသံကြားနေရတုန်းပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ည ၇ နာရီဝန်းကျင်က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် ဘန်းလမွတ်နှင့် အနောက်မော်တုန်းကျေးရွာမှ ပြည်သူ ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံများ ထံမှ သိရသည်။