ရေခူသားပေါက်များကြောင့် ကင်းမွန်ရှားနေပြီး ဖမ်းဆီးရရှိမှုနည်းနေ

0
2982

စျေးကောင်းနေသော်လည်း ကင်းမွန်ရှားပါးသဖြင့် ဖမ်းဆီးရရှိမှုနည်းပါးနေပြီး တွက်ခြေမကိုက်ဖြစ်နေကြောင်း မြိတ်ဒေသမှ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ကင်းမွန်ငါးဖမ်းလုပ်ငန်းရာသီအား နှစ်စဉ် ( သီတင်းကျွတ်ကာလပြီးနောက်) နိုဝင်ဘာလမှစပြီး ဧပြီလကုန်အထိ လုပ်ကိုင်လေ့ရှိကြသည်။

“လက်သီးဆုတ်လောက်ရှိတဲ့ ရေခူသား‌ပေါက်တွေပေါလို့ ကင်းမွန်အရနည်းတာပါ။ စရိတ်တော့ ကာမိသေးတယ်။ ရေခူရှိတဲ့နေရာဆို ‌တော်တော်များများ ငါးတွေမရှိတော့ဘူး” ဟု ရွှေပြည်တန်ရပ်နေ ကင်းမွန်ငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ကင်းမွန်ငါးဖမ်းလုပ်ကွက်အတွင်း ဇန်နဝါရီလအစမှစပြီး ရေခူသားပေါက်များ ပေါ်များနေသဖြင့် ကင်းမွန်ဖမ်းဆီးရရှိမှု နည်းပါးလာခဲ့ခြင်းဖြစ်သည်။

“‌ဒီတ‌စ်လ‌တော့ တော်တော်များများ အရနည်းကြတယ်။ ရရင်လည်း စရိတ်ပိုရုံလေးပဲရကြတာ ရေခူတွေက ဘယ်အချိန်အထိပေါ်နေမလဲတော့ မသိဘူး။ ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်တယ်” ဟုကျွန်းစုမြို့ရှိ ကင်းမွန်ငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ကင်းမွန်လှေတစ်စီးလျှင် ပင်လယ်ပြင်တစ်ခေါက်(ဆယ့်ငါးရက်)အတွက် စက်သုံးဆီနှင့် အခြားကုန်ကျစရိတ် ပျမ်းမျှ သိန်းတစ်ရာနီးပါးအထိ ကုန်ကျလေ့ရှိကြောင်း ကင်းမွန်ငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်နေသူအချို့က ပြောပြသည်။

ယခုနှစ်တွင် ကင်းမွန်းဈေးနှုန်း မသိရှိခြင်းနှင့် စက်သုံးဆီစရိတ်ကြီးမြင့်ခြင်းကြောင့် ကင်းမွန်ငါးဖမ်းလုပ်ငန်း စတင်သည့်အချိန်တွင် ငါးဖမ်းလှေထက်ဝက်ခန့်သာ လုပ်ငန်းခွင်ဝင်ရောက်ခဲ့ကြသော်လည်း ကင်းမွန်ဈေးကောင်းရနေသဖြင့် ငါးဖမ်းလှေအားလုံးလုပ်ငန်းခွင်အတွင်း ဝင်ရောက်နေပြီဖြစ်သည်။

ကင်းမွန်ဈေးနှုန်းများအနေဖြင့် ကီလိုနှစ်ဆယ်ပါ နံပါတ် ၁၊ ၂၊ ၃ ဆိုဒ် ကင်းမွန်တစ်ဗန်းလျှင် နှစ်သိန်းနှစ်သောင်းကျပ်၊ နံပါတ် ၄ ဆိုဒ် တစ်ဗန်းလျှင် တစ်သိန်းနှစ်သောင်းကျပ်၊ နံပါတ် ၅ ဆိုဒ် တစ်သိန်းကျပ်၊ နံပါတ် ၆ ဆိုဒ် ငါးသောင်းကျပ် ရှိနေကြောင်း ယင်းဈေးကွက်မှ သိရသည်။

မြိတ်ဒေသထွက် ကင်းမွန်တို့အား မောတောင်နယ်စပ်နှင့် ကော့သောင်းနယ်စပ်တို့မှတစ်ဆင့် ထိုင်းသို့ တင်ပို့ရောင်းချလေ့ရှိကြသည်။

မြိတ်ခရိုင်အတွင်း ကင်းမွန်မီးထွန်းငါးဖမ်းလှေ အစီးရေနှစ်ထောင်ကျော်ရှိပြီး ရေလုပ်သားဦးရေနှစ်သောင်းခန့်မှာ ယင်းလုပ်ငန်းအား မှီခိုလုပ်ကိုင်နေကြရကြောင်း သိရသည်။