ပလမြို့တွင်တိုက်ပွဲဖြစ်ပြီး ဓါတ်အားပေးစက်ရုံ မီးလောင်ကာ လျှပ်စစ်မီးပြတ်တောက်နေ

0
2034

မြိတ်ခရိုင် ၊ပုလောမြို့နယ်၊ ပလမြို့အနီး နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ပလမြို့ကို ဓါတ်အားပေးနေသည့် စက်ရုံမီးလောင်သွားကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်မှစတင်ပြီး ပလမြို့၊တိုရွာနှင့် တန်းရှင်းကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လျှပ်စစ်ဓါတ်အားပေး စက်ရုံမီးလောင်သွားသည်ဟု ဒေသခံများ ကပြောသည်။

“မီးလောင်တာကတော့မှန်တယ်။ ဘာကြောင့်လောင်သွားလဲ ဆိုတာတော့ မသဲကွဲသေးဘူး”ဟု ပလမြို့နေ အမျိုးသား ကပြောသည်။

ယင်းဓါတ်အားပေးစက်ရုံမှ ယူထားသည့်လျှပ်စစ်မီးမှာ နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ပြတ်တောက်သွားပြီး မိုးချုပ်သည်အထိ ပြန်မလာသေးဟု ပလမြို့ဒေသခံ အမျိုးသား နောက်တစ်ဦးက ပြောသည်။

ပလမြို့ဓါတ်အားပေးစက်မှ အနီးအနားကျေးရွာများသို့ လျှပ်စစ်သွယ်တန်းထားပြီး လက်ရှိတွင် တိုရွာ၊သင်္ကန်းတောရွာ၊ကဒဲရွာ၊ပိတပ်ရွာ၊ပဝတ်ကုန်းနှင့်မင်းပြင် စသည့်ကျေးရွာများတွင် လျှပ်စစ်မီးပြတ်တောက်နေသည်ဟု ဒေသခံများထံမှသိရသည်။

နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အသံများကို နေ့လယ် ၂ နာရီဝန်းကျင်အထိ ကြားခဲ့ရသည်ဟု ဒေသခံများ ကဆိုသည်။

မနေ့ကလည်း ပုလောမြို့နယ်၊ထမင်းမစားရွာအနီးရှိ စစ်ကောင်စီဂိတ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွါး ခဲ့သေးသည်ဟု ပုလောပြည်သူ့ကာကွယ်ရေး အင်အားစုများက ထုတ်ပြန်ထားသည်။