မေဒေးနေ့တွင် ဆန္ဒပြခဲ့သော ရွှေ့ပြောင်းလုပ်သားများကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ငြိစွန်းနိုင်ဟု ထိုင်းအလုပ်သမားရုံးသတိပေး

0
1989

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသော ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုဖြစ်သော ပုဒ်မ ၁၁၂ အရ ပြစ်မှုငြိစွန်းနိုင်ပြီး အလုပ်လုပ်ခွင့်လက်မှတ်များ ရုတ်သိမ်းခံရနိုင်ကြောင်း ထိုင်းအလုပ်အကိုင်ဦးစီးဌာနက မေလ ၃ ရက်နေ့က သတိပေးကြေညာခဲ့သည်။

နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများက မေဒေးနေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည့် “ဘုရင်စနစ် ပြုပြင်ဖို့နှင့် သက်သာချောင်ချိသော ပြည်နယ်ကောင်းတွေ ဖန်တီးပေးဖို့” စသည့် စာသားများသည် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုဖြစ်သော ပုဒ်မ ၁၁၂ အရ ပြစ်မှုငြိစွန်းနိုင်သည်ကို တွေ့ရှိရကြောင်း အလုပ်အကိုင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ၏ ပုဒ်မ ၁၁၂ ဆိုသည်မှာ “နိုင်ငံတော်၏ သတ်မှတ်ထားသော ယုံကြည်ကိုးစားထိုက်သော ထုတ်ပြန်ချက်တစ်ခုကို ဖောက်ဖျက်ခြင်း၊ ယုံကြည်မှုနည်းပါးအောင် ပြောဆိုခြင်း စသည့် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု” ဟု ထိုင်းအလုပ်သမားရေးရာ ရှေ့နေ ဦးအောင်မျိုးသန့်က ဖြေကြားသည်။

ပုဒ်မ ၁၁၂ တွင် မည်သူမဆို ဘုရင်၊ မိဖုရား၊ နန်းမွေဆက်ခံသူ သို့မဟုတ် ဘုရင်ခံတို့ကို အသရေဖျက်ခြင်း၊ စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်း စသည်တို့ကို ကျူးလွန်မိပါက ထောင်ဒဏ် ၃ နှစ်မှ ၁၅ အထိ ချမှတ်နိုင်ကြောင်း ရှေ့နေဦးအောင်မျိုးသန့်က ဖြေကြားသည်။

ထို့ကြောင့် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိထားသော ‌နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများသည် အများပြည်သူဆိုင်ရာ ဥပဒေကို ဖောက်ဖျက်ကျူးလွန်မိပါက နိုင်ငံခြားသားများ၏ အလုပ်လုပ်ခွင့်လက်မှတ်ကို ပြန်လည်သိမ်းဆည်းခံရနိုင်ပြီး ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့်ကို ပြန်လည်ရုတ်သိမ်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့သော်လည်း မြန်မာအလုပ်သမားများ တောင်းဆိုသည့်ကိစ္စတွင် ကိုဗစ်ကာလက ပကန်စံခွန် (လူမှုဖူလုံရေး) များ ပြန်လည်ရရှိရန်နှင့် အလုပ်သမားများအရေး တောင်းဆိုချက်များသာ ရှိနိုင်မည်ဟုထင်မြင်ကြောင်း၊ ဆန္ဒပြရာတွင် လိုက်ပါလာသော ထိုင်းနိုင်ငံရေးပါတီများနှင့် အလုပ်သမားများကြား တောင်းဆိုချက်များ ရောထွေးသွားပုံရကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ ကိုမင်းမင်းဦးက ဆိုသည်။

“နိုင်ငံရေးပါတီတွေက အသုံးချတဲ့ ဟာမျိုးပဲ အကိုထင်တာလေ။ ဆိုတာက ငါတို့က ငါတို့အလုပ်သမားရေးတောင်းတယ်။ တောင်းတဲ့အချိန်မှာ လူတွေက အကုန်လုံးနဲ့ ရောနေတာကိုး။ သူတို့က အဲဒါတွေနဲ့ ပတ်သက်ရင် အလုပ်သမားတွေကိုလည်း အဲဒါမလုပ်ကြဖို့။ လုပ်မယ်ဆိုရင် ဒဏ်ငွေတွေ အပြစ်ဒဏ်တွေကို ပြောလိုက်တာထင်တယ်” ဟု ၎င်းကဆိုသည်။

အကယ်၍ နိုင်ငံတော်အတွင်း အလုပ်လုပ်ခွင့်လက်မှတ် အထောက်အထားများမရှိဘဲ တရားမဝင် လာရောက်လုပ်ကိုင်နေပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး မူလနိုင်ငံသို့ ပြန်ပို့ခံရမည်ဖြစ်ကာ ထိုင်းနိုင်ငံတွင် လုပ်ကိုင်ခွင့် ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တရားမဝင် အလုပ်သမားများကို ခန့်အပ်ထားသော အလုပ်ရှင်ကိုလည်း ဒဏ်ငွေ ဘတ် ၁၀၀၀၀ မှ ၁ သိန်း အထိ ချမှတ်ခံရနိုင်ပြီး အလုပ်သမားငှားရမ်းခွင့်လည်း နှစ်အလိုက် ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်သော မေလ ၁ ရက်နေ့တွင် မြန်မာအလုပ်သမားများ ရာနှင့်ချီ ဘန်ကောက်မြို့လယ်တွင် အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ဆန္ဒပြကြွေးကြော်ခဲ့ကြသည်။