ရွှေတစ်ကျပ်သား ကျပ်သိန်းသုံးဆယ်ကျော်အထိရောက်ရှိ

0
2295
Photo - propakistani.pk

ကမ္ဘာ့ရွှေဈေးတက်သည့် ဂယက်ကြောင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်ကျော်အထိ ဈေးမြောက်လာကြောင်း ထားဝယ်ရွှေဈေးကွက်အတွင်းမှ သိရသည်။

ယမန်နေ့က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းခုနှစ်သောင်းငါးထောင်(၂၉၇၅၀၀၀ ကျပ်) ပေါက်ဈေးရှိရာမှ ယနေ့နံနက်ဈေးဖွင့်ချိန်တွင် ဈေးတက်လာခြင်းဖြစ်သည်။

ဧပြီလ ၄ ရက်(ယနေ့)နံနက်က အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်သိန်းငါးထောင်(၃၀၀၅၀၀၀ ကျပ်) ဖြင့် ဈေးဖွင့်ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလလယ်က ကျပ်သိန်းသုံးဆယ်အောက် ပြန်ဆင်းသွားသည့်ရွှေဈေးသည် ယနေ့တွင် ကျပ်သိန်းသုံးဆယ်အပေါ်သို့ ပြန်တက်လာခြင်းဖြစ်သည်။

ကမ္ဘာ့ရွှေဈေးတက်လာသည့်ဂယက်ကြောင့် ပြည်တွင်းဈေးလည်း ထိုးတက်လာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ယနေ့ကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၄၀ အထိ ရှိနေသည်။ ပြီးခဲ့သည့်အပတ်သောကြာနေ့ကမူ တစ်အောင်စလျှင် ၁၉၈၀ ဒေါ်လာစွန်းစွန်းသာ ဈေးပေါက်ခဲ့သည်။

ယင်းကဲ့သို့ အတက်ကြမ်းသည့်ရွှေဈေးသည် တစ်ရက်အတွင်းမှာပင်  သိန်းသုံးဆယ်ဝန်းကျင်၌ ဈေးအပြောင်းအလဲ သုံးကြိမ်ခန့် ဖြစ်နေသည်။

“တစ်ရက်တည်းတောင် အမျိုးမျိုးပြောင်းနေတော့ ကိုယ်ရောင်းတဲ့အချိန် ပေါက်ဈေးအတိုင်း ရောင်းရဝယ်ရတယ်ရှင်။ မနက်တစ်ဈေး၊ နေ့လယ်တစ်ဈေး၊ ညနေတစ်ဈေးဖြစ်နေတယ်” ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

ထိုသို့ ပြည်တွင်းရွှေဈေးတက်လာတိုင်း စစ်ကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) က ရွှေလုပ်ငန်းရှင်များကို ခေါ်ယူခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းများကြောင့် ပြန်ကျသွားလေ့ရှိသည်။

ပြီးခဲ့သည့်လများကမူ အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်းဝန်းကျင်မှ နှစ်ဆယ့်ကိုးသိန်းကျော်အထိ ပေါက်ဈေးရှိနေခဲ့သည်။