CI စာအုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းသဖြင့် မြန်မာလုပ်သားများအခက်တွေ့၊ ပြန်ဖွင့်မည်ရက်ဆွေးနွေးနေဟုဆို

0
2474

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI စာအုပ် လုပ်ခွင့်ပြုထားသည့် နောက်ဆုံးရက် မရောက်မီ ယာယီရပ်ဆိုင်းလိုက်သဖြင့် အလုပ်သမာများ အခက်အခဲကြုံတွေ့နေရကြောင်း မြန်မာအလုပ်သမားများက ပြောသည်။

CI စာအုပ်ကို မြန်မာသံရုံးက ထုတ်ပေးခြင်းဖြစ်ပြီး မေလ ၁၃ရက်အထိ လျှောက်ထားခွင့် ပြုထားခြင်းဖြစ်သည်။ သို့သော် CI စာအုပ်ပြုလုပ်ရန်အတွက် ရက်ချိန်းတိုကင်ရယူရန် ငွေသွင်းမှုကို ဧပြီလ ၂၇ရက်ကပင် လက်မခံတော့ဘဲ သံရုံးဘက်က ရပ်ဆိုင်းလိုက်ကြောင်း ၎င်းတို့က ဆိုသည်။

သတ်မှတ်လူဦးရေပြည့်နေသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း CI စာအုပ် လျှောက်ထားမှုကို ယာယီရပ်ဆိုင်းထားပြီး ပြန်ဖွင့်မည့်ရက်ကို မြန်မာအာဏာပိုင်များက ဆက်လက်ဆွေးနွေးနေဆဲဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။

“သတ်မှတ်ထားတဲ့ လူအရေအတွက်ရှိတယ်ဗျ။ အဲဒီအရေအတွက်က ပြည့်သွားတဲ့အတွက်ကြောင့် ပိတ်ထားတဲ့ သဘောပါ” ဟု မြန်မာအလုပ်သမားသံအရာရှိက Dawei Watch သို့ ဖြေကြားသည်။

CI စာအုပ်ပြုလုပ်ရန် မြန်မာအလုပ်သမားများစွာ ကျန်ရှိနေသေးသည့်အတွက် ပြန်လည်ဖွင့်လှစ်ပေးမည့် နေ့ရက်ကို သက်ဆိုင်ရာ မြန်မာအာဏာပိုင်များက ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပြီး ပြန်လည်အသိပေး ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

CI စာအုပ်မှာ နိုင်ငံကူးလက်မှတ် ပတ်စ်ပိုစ့်စာအုပ်မရှိသေးသော ထိုင်းရောက်မြန်မာအလုပ်သမားများအတွက် ယာယီထုတ်ပေးထားသော သက်သေခံလက်မှတ်စာအုပ်ဖြစ်သည်။ စာအုပ်မှာ အစိမ်းရောင် ဖြစ်သည်။

ထိုင်းရောက်အထောက်အထားမဲ့ မြန်မာအလုပ်သမားများသည် ထိုင်းအစိုးရထံတွင် ပန်းရောင်ဘတ်ကတ်ဟုခေါ်သည့် ယာယီနေထိုင်လုပ်ကိုင်ခွင့်ကတ် လုပ်ဆောင်ကြရသည်။ ယင်းကတ်မှာ သတ်မှတ်ခရိုင်တွင်သာ သွားလာခွင့်ရှိသဖြင့် နယ်မြေဖြတ်ကျော်သွားလာခွင့်ရရှိစေရန် CI စာအုပ်ကို ထပ်မံလုပ်ဆောင်ရခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

CI စာအုပ်ပြုလုပ်ပြီးပါက Non L-A ဟုခေါ်သည့် အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်းကာ ထိုင်းနိုင်ငံအတွင်း တရားဝင် ခရီးသွားလာခွင့်ရှိပြီး မြန်မာနိုင်ငံသို့ လေကြောင်းလမ်းမှတစ်ဆင့်လည်း တရားဝင်ပြန်နိုင်သည်။

ယခင်နှစ်က ပန်းရောင်ကတ်နှင့် Work Permit ပြုလုပ်ထားပြီး ယခု ၂၀၂၃ခုနှစ်အတွက် ဗီဇာသက်တမ်းထပ်တိုးရန် နိုင်ငံကူးလက်မှတ်မရှိသေးသော မြန်မာအလုပ်သမားများမှာ CI စာအုပ်ကို မေလ ၁၃ ရက်နေ့ နောက်ဆုံးထား လုပ်ကိုင်ရန် ထိုင်းအစိုးရက ကြေညာထားသည်။

သို့ဖြစ်၍ CI စာအုပ်ကို သက်ဆိုင်ရာ ထိုင်းနိုင်ငံအတွင်း ခရိုင်များရှိ CI စာအုပ်ထုတ်ပေးရေးစင်တာများတွင် မြန်မာအလုပ်သမားများ အချိန်မီပြီးစီးအောင်လုပ်ရမည်ဖြစ်သည်။

လက်ရှိတွင် CI စာအုပ် ထုတ်ပေးရေးစင်တာများကို မြန်မာသံရုံးက စမွတ်စခွန်၊ ချွန်ဘူရီ၊ စမွတ်ပရကန် နှင့် ရနောင်းတို့တွင် ဖွင့်လှစ်ထားပြီး Mobile Team အနေဖြင့် ချင်းမိုင်၊ ပထုန်ဌာနီ၊ စွန်ခရာတို့တွင် လုပ်ခွင့်ပြုထားသည်။

လက်ရှိသက်တမ်းတိုးထားသော Work Permit ဗီဇာကို နိုင်ငံကူးလက်မှတ် သို့မဟုတ် CI စာအုပ်ထဲသို့ မဖြစ်မနေ ထည့်သွင်းမှသာ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်ရမည်ဖြစ်ပြီး နောက်နှစ်သက်တမ်းထပ်တိုးရန် အကျုံးဝင်မည် ဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

သို့သော် CI စာအုပ်ပြုလုပ်ပေးခြင်းကို သံရုံးက ယာယီရပ်ဆိုင်းလိုက်သဖြင့် မြန်မာအလုပ်သမားများ အခက်တွေ့နေကြပြီး အချိန်မီပြီးစီးအောင်မလုပ်နိုင်မည်ကိုလည်း စိုးရိမ်နေကြကြောင်း ၎င်းတို့က ဆိုသည်။

“Work Permit ကို သူဌေးပြောင်းထားတာက ဒီရက်ပိုင်းထဲမှ ရထားတာ။ ရတာနဲ့ CI လုပ်ဖို့ ငွေသွားသွင်းတော့ 7 (7-Eleven) က ပိတ်ထားတယ်ပြောတယ်။ ဒီနေ့အထိလည်း မဖွင့်သေးတော့ ကျွန်မတို့ ဘယ်လိုဆက်လုပ်ရမယ်။ ရနောင်းရုံးကိုမေးကြည့်တော့ ဒီရာသီအကုန်ပိတ်လိုက်ပြီပြောတယ်။ ချွန်ဘူရီရုံးက အသိကိုလည်း မေးကြည့်တယ်။ ပိတ်ထားတယ်တဲ့။ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး” ဟု စူရတ်ဌာနီတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

ရက်ချိန်းတိုကင်ရယူရန်အတွက် ငွေသွင်းမှုကို 7-Eleven စတိုးဆိုင်များတွင် သွင်းခွင့်ပြုထားခြင်းဖြစ်သည်။

CI စာအုပ်ကို အချိန်မီမပြုလုပ်လိုက်ရပါက အခက်အခဲများစွာကြုံတွေ့ရမည်ဖြစ်ပြီး လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသို့ ပြန်၍ နိုင်ငံကူးလက်မှတ်ပြုလုပ်ရန်လည်း အချိန်မမီတော့ကြောင်း ကော့ဖငန်းကျွန်းတွင် လုပ်ကိုင်သည့် မြန်မာအလုပ်သမားတစ်ဦးက ပြောဆိုသည်။

“ကျွန်တော်တို့က ဒီမှာ အချိန်မမီရင် ကော့သောင်းပြန်ပြီး စာအုပ်ကြီး (ပတ်စ်ပိုစ့်) လုပ်ရမှာလားပေါ့။ အဲဒီလိုလုပ်ရင်လည်း အချိန်က မလောက်တော့ဘူးလေ။ ကြားထဲမှာ ပွဲစားတွေကို ယုံထားလိုက်တာ အခုတော့ ကူကယ်ရာမဲ့ဖြစ်နေပြီ” ဟု ၎င်းက ပြောသည်။

သက်တမ်းတိုးထားသော Work Permit အသက်ဝင်ရန်အတွက် CI စာအုပ် ထုတ်ပေးမှုကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးရန်လိုအပ်ကြောင်း မြန်မာအလုပ်သမားများက ပြောဆိုကြသည်။