Princes in The Darkness 1990s
အခန်း(၃၅)
“မေယု..ကားကိုရပ်လိုက်..ကိုယ်မောင်းမယ်”
ဗေဒါက စိုးရိမ်တကြီးဖြင့်။
“ရတယ်…ယာယီစစ်ဆေးရုံက ရှေ့မှာ မလိုတော့ဘူး..ဘဲကြီး”
“ရပ်ပါဆိုကွာ..မင်းဒဏ်ရာနဲ့ ဘယ်လို ရှေ့ဆက်မောင်းမလဲ”
“ရပါတယ်ဆို”
မေယုကြေးမုံက လီဗာကို ပိုတင်ပြီး နင်းလိုက်၏။
မြို့ငယ်လေးသို့ ဝင်ဝင်ချင်းတွင်ပင် ယာယီစစ်ဆေးရုံဝန်းကို လှမ်းမြင်လိုက်ရသည်။
ဆေးရုံထဲသို့ ကားကို တရကြမ်းဝင်လာသဖြင့် ရှေ့မှ အစောင့်စစ်သားက ပြေးလိုက်လာ၏။
“ဘာဖြစ်လို့ သတင်းမပို့ပဲ..အတင်းမောင်းဝင်လာရတာလဲ”
စစ်သားက သေနတ်ဖြင့် ထိုးချိန်ထားသည်။
“ကျွန်မတို့ လမ်းမှာ ဓါးပြတိုက်ခံရလို့ပါ..သေနတ်ထိထားတယ်”
“ဘယ်သူထိထားတာလဲ”
“ကျွန်မ”
“ဟင်”
မေယုကြေးမုံက သွေးများစီးနေသော လက်တစ်ဖက်ကို ထိုးပြလိုက်သည်။
“ဟာ…ခဏနေဉီး..အထဲက ဗိုလ်ကြီးတွေခေါ်ပေးမယ်”
ခဏအကြာတွင် စစ်ဆရာဝန်တစ်ဉီးနှင့် သူနာပြုနှစ်ဉီးထွက်လာကြ၏။
“မယေု..မယေု”
မေယုကြေးမုံကို ဗေဒါနှင့် အစောင့်စစ်သားက တစ်ဖက်တချက်စီမှ ပွေ့ကာ ကားပေါ်မှ ဆင်းလိုက်ကြသည်။
ကျည်ဆံက ပုခုံးကို ရှပ်ထိခြင်းဖြစ်သဖြင့် မေယုကြေးမုံအား သွေးတိတ်အောင်ပြုလုပ်ရန် အရေးပေါ်ခန်းထဲသို့ ခေါ်သွားကြ၏။
ဗေဒါ၏ လက်တစ်ခုလုံးတွင်လည်း သွေးစေးများဖြင့်။
အရေးပေါ်ခန်းအပြင်ဘက်တွင် ဗေဒါ ထိုင်နေစဉ် အစောပိုင်းက အစောင့်စစ်သားရောက်လာ၏။
“ခင်ဗျားကို ဗိုလ်ကြီးက ခေါ်ခိုင်းလိုက်ပါတယ်..ဟိုအခန်းထဲ ဝင်သွားပါ”
ဗေဒါက စစ်သားညွှန်ပြသည့် အခန်းထဲသို့ ဝင်သွားလိုက်သည်။
အခန်းထဲတွင် ဆေးတပ်လက်မောင်းတံဆိပ်ဖြင့် သုံးပွင့်အရာရှိတစ်ယောက်ထိုင်နေ၏။
“အခု ဒဏ်ရာရထားတဲ့ မိန်းကလေးက ခင်ဗျားနဲ့ ဘာတော်တာလဲ”
“ကျွန်တော့် အမျိုးသမီးပါ”
ဇာတ်လမ်းများရှည်နေမည်ဆိုးသဖြင့်ဗေဒါက ထိုသို့ပင်ဖြေလိုက်သည်။
“ခင်ဗျားတို့က ဘယ်သွားကြမလို့လဲ”
“ကော့သောင်းသွားကြမလို့ပါ..ကော့သောင်းမှာ ကျွန်တော့်အမေ မကျန်းမမာဖြစ်နေလို့”
“ဟုတ်ပါပြီ…အခု ဓါးပြတိုက်ခံရတာက ဘယ်နားမှာလဲ”
“ဒီမြို့ထဲ ဝင်ခါနီးမှာပါပဲ”
“ဒီကိစ္စက ရဲနဲ့ပတ်သတ်တဲ့ကိစ္စဗျ..အရပ်သားဆေးရုံဆိုရင်တော့ ဒီလို ကုသပေးလို့မရဘူး..ရဲကို အသိပေးပြီးမှရမှာ.. အခုက ကျွန်တော်တို့က ခင်ဗျားအမျိုးသမီးကလည်း အတော်လေးသွေးထွက်နေလို့ ကုပေးတာ”
“ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..ဗိုလ်ကြီး”
“ခင်ဗျားအမျိုးသမီးဒဏ်ရာက ကျည်ရှပ်ထိတာပါ..ဒါပေမယ့်…ကိစ္စက မပြီးဘူးဗျ..မြို့ထဲက ရဲစခန်းမှာ ခင်ဗျားတို့ အမှုလိုက်ဖွင့်ရမယ်”
“ကျွန်တော်တို့ အမှုမဖွင့်တော့ပါဘူးဗျ…ရပါတယ်”
“ခက်တာပဲဗျာ..လုပ်ထုံးလုပ်နည်းအရ လုပ်ကြရမှာပဲ”
“ကျွန်တော်တို့မှာလည်း ကိစ္စက အရေးကြီးလို့ပါဗျာ…ကျွန်တော့်အမေ သေရေးရှင်ရေး ကိစ္စမို့..ချက်ချင်း ခရီးဆက်ရမှာမို့ပါ”
ထိုအချိန်တွင် စစ်သူနာပြုတစ်ဉီးက အခန်းဝမှ အလေးပြုကာ ဝင်လာသည်။
“ဗိုလ်ကြီး..ရှေ့မှာ…ဖထီး တို့ ရောက်နေပါတယ်”
ဗိုလ်ကြီးမှာ အလန့်တကြားဖြစ်သွား၏။
“ခဏဗျာ”
သုတ်သီးသုတ်ပြာဖြင့် ရှေ့သို့ ထွက်သွားသည်။
ဗေဒါလည်း အနောက်မှ အသာထွက်လိုက်ခဲ့လိုက်၏။
ဆေးရုံရှေ့တွင် အမိုးပွင့်ကားနှစ်စီးရပ်ထားသည်။ကားပေါ်တွင် အရပ်ဝတ်နှင့်လူအချို့။
အရပ်ပုပု၊ ကွမ်းတဝါးဝါးဖြင့် ပုဂ္ဂိုလ်တစ်ဦးက ဆေးရုံတာဝန်ခံဗိုလ်ကြီးနှင့် စကားပြောနေ၏။
ထို့နောက် ဆေးရုံတွင်းသို့ ဝင်လာကြသည်။
“ဒါ..အဲ့ဒီကောင်မလေးရဲ့ အမျိုးသားလို့ ပြောပါတယ်..ဖထီး”
ဖထီး ဆိုသည့် ပုဂ္ဂိုလ်က ဗေဒါ့ကို တချက်ကြည့်ကာ ပြုံးပြလိုက်၏။
ထို့နောက် မေယုကြေးမုံ အား ထားသည့်အခန်းတွင်းသို့ ဝင်သွားကြသည်။
မေယုကြေးမုံက ပုခုံးတွင် ပတ်တီးဖြင့် ကုတင်ကို မှီ၍ပင် ထိုင်နေလေပြီ။
“ကလေးမ…နင်က ကိုခင်မောင် တူမ ဆိုတာလား”
“ဟုတ်ပါတယ်”
“နင့်ဉီးလေး ငါ့ဆီ ဆက်သွယ်လာတယ်..ငါတို့ နယ်မြေနားမှာ သူ့တူမ ဒီလိုဖြစ်တာ…ငါတို့ မသိရကောင်းလားဆိုပြီး အပြစ်တင်ခံနေရပြီ….အခု ဒဏ်ရာ ဘယ်လိုနေသေးလဲကွယ်”
“ရှပ်ထိတာပါ…ဖထီး..ကောင်းသွားပါပြီ”
“ဗိုလ်ကြီး…ဒါ ငါတို့ အသိလူပဲ…ငါတို့ ပြန်ခေါ်သွားလို့ရပြီလား”
“ဪ..ဟုတ်ကဲ့..ရပါတယ်..ရပါတယ်”
ဗေဒါက အခြေအနေကို နားမလည်နိုင်သဖြင့် ကြောင်ကြည့်နေ၏။
“ဟေ့ကောင်. နင့်မိန်းမကို နင်လာ ကူ တွဲပေးလေး”
ဖထီးစကားကြောင့် မေယုကြေးမုံမျက်လုံးပြူးသွားသည်။
ဗေဒါလည်း ကြောင်တောင်တောင်ဖြင့်ပင် မေယုကြေးမုံကို ကုတင်ပေါ်မှ တွဲထူလိုက်၏။
ဖထီးက ဆေးရုံရှေ့ သို့ရောက်သည်နှင့် သူတို့နှစ်ဉီး ဘက်လှည့်လိုက်သည်။
“ဘယ်နှယ့်လဲ..ကလေးမ…နင်တို့ ဒီလိုသွားမယ်လာမယ်ဆို..ငါတို့နဲ့ချိတ်ဆက်ပြီးသွားတာမဟုတ်ဘူး…အခုတော့ နင့်ဉီးလေးခင်မောင် က ငါ့ စိတ်ဆိုးပြီး သေနတ်တွေ အကြွေးမရောင်းတော့ရင်..ခက်မယ်ကွယ့်”
ထိုအခါမှ ဗေဒါက ကားနောက်ခန်းမှ လူများအကဲခတ်ကြည့်လိုက်မိ၏။
ကားနောက်ခန်းမှ အရပ်ဝတ်နှင့်လူများ၏ အောက်တွင် မောင်းပြန်သေနတ်များကိုယ်စီ။
“နင်တို့ ကော့သောင်းသွားမှာ မဟုတ်လား…ငါ့လူတွေ ကားက ကော့သောင်းမြို့အဝင်နားအထိ လိုက်ပို့ပေးမယ်..လမ်းခရီးကတော့ ဘာမှ မပူနဲ့ စိတ်ဖြောင့်ဖြောင့်သာသွား..ဒါနဲ့ဒဏ်ရာက သေချာရရဲ့လား”
“ရပါတယ်..ဖထီး..ရှပ်ထိတာဆိုတော့ .ကော့သောင်းရောက်မှ ကျွန်မအသိဆေးခန်းမှာ ပြလိုက်ပါ့မယ်”
“ကဲ..ဒါဆိုလည်း သွားကြတော့…နင့်ဉီးလေးကို လည်း ငါ ဒီလို ကူညီလိုက်တယ်ဆိုတာ ပြောပြလိုက်ဉီးဝေ့.. နင်တို့ကို ပစ်ခဲ့တဲ့ကောင်တွေဆီ ငါတို့ သွားပညာပေးလိုက်ဉီးမယ်”
သော့တန်းလန်းဖြင့်ဖြစ်နေသော ကားပေါ်သို့ ဗေဒါက တက်ထိုင်လိုက်သည်။ ဘေးတွင် မေယုကြေးမုံ။
ရှေ့မှ ကားနောက်မှ ဗေဒါက မောင်းထွက်လိုက်သည်။
“အဲ့ဒါ..ဘယ်သူလဲ..မေယု”
“အဲဒါ KNU တပ်မဟာ(၄) တပ်မဟာမှူးကိုယ်တိုင်ပဲ”
“ဟ”
“အံဩနတောလား”
“ဟုတ်တယ်…သူတို့က ဘယ်လိုလုပ် စစ်တပ်ဆေးရုံထဲ အထိ ဝင်လာနိုင်ရတာတုန်း”
“ဘဲကြီးရယ်..ဘဲကြီးလည်း သိရဲ့သားနဲ့…အောက်ခြေမှာက ဒီလိုပဲ ဆက်ဆံနေရတာပဲကို..တိုက်စရာရှိတဲ့အချိန်တော့ တိုက်ကြပေါ့…ကျန်တဲ့အချိန် နှစ်ဖက် နားလည်မှုနဲ့ နေနေကြတာကိုး”
“မင်းဦီးလေး နဲ့ တပ်မဟာမှူးနဲ့ အစောကြီးကတည်းက ရင်းနှီးနေတာကို….ဘာလို့အစောကြီးကတည်းက သူတို့ကို အကူအညီမတောင်းတာလဲ”
မေယုကြေးမုံက ခေါင်းခါလိုက်သည်။
“ဒီမယ်…ဘဲကြီးကို ကော့သောင်းလိုက်ပို့ဖို့ ကိစ္စကို မေယုက အမေနဲ့ စကားများလာရတာ….အမေက သူနဲ့အတူ တာချီလိတ်ကိုပဲ ပြန်လိုက်စေချင်တာလေ…. မေယုက ဘဲကြီးကို စိတ်မချလို့ ကော့သောင်းအထိ ရအောင်ပို့မယ်ဆိုပြီး လုပ်တာ….မေယုဉီးလေး ဉီးခင်မောင်ဆိုတာလည်း အမေ့တပည့်လေ…မေယုလည်း မေယု့ မာနနဲ့ မေယုပါ…နေရာတကာ သူတို့ကို အကူအညီမတောင်းချင်လို့”
“ကောင်းပါလေ့….အဲ့ဒီမာနကြောင့်ပဲ..သေတော့မလို့..မမလေးရယ်…ဒါနဲ့ အခုကျတော့ သူတို့က ဘယ်လိုသိသွားတာလဲ”
“ဘယ်လို သိသွားရမလဲ…စစ်ဆေးရုံမှာဆိုတော့ ရဲတွေဘာတွေရောက်လာမှာစိုးတာနဲ့ ဒဏ်ရာကို ပတ်တီးစည်းပေးပြီးပြီးချင်းပဲ..ဉီးခင်မောင်ကို ဖုန်းခေါ်ရတာပေါ့”
“ဒီလိုကျတော့လည်း…ဟုတ်သားပဲ”
“ဟုတ်မနေနဲ့..ဘဲကြီး..ခုန ဆေးရုံထဲမှာ ဖထီးပြောတာကြားလိုက်တယ်.. မေယုက ဘာကိစ္စ ရှင့်မိန်းမ ဖြစ်နေရတာလဲ”
“ဟို…အဲ…ဟိုစစ်ဆရာဝန်ကို ဒီလိုပြောမှ ကိစ္စပြတ်မှာပေါ့ဟ”
“ဘဲကြီး..ဘဲကြီး….စိတ်ကူးတွေကြိတ်ယဉ်နေတာပေါ့လေ”
“ဘာကွ..စိတ်ကူးယဉ်နေတာ..မင်း”
“ဟုတ်တယ်..အရင်ကတော့ စိတ်ကူးယဉ်မိသေးတယ်..အခုတော့..ရှင့်လို အန္တရာယ်ကောင်ကြီးနဲ့ဆို တသက်လုံး လိုက်သတ်ခံနေရဖို့များတယ်..မချောင်ဘူးတော့”
မေယုကြေးမုံ စကားကြောင့် ဗေဒါက တဟားဟားအော်ရယ်လိုက်တော့၏။
မကြာသေးခင်ကမှ သေတွင်းက လွတ်လာခဲ့ကြသည့်သူများဟုပင် မထင်ရ။
ဒါကပင် မေယုကြေးမုံ၏ အစွမ်းအစတစ်ခုမဟုတ်လား။
………………………………………….
ကော့သောင်းမြို့အဝင် ကော့သောင်းထောင် မရောက်မီ လမ်းတနေရာတွင် သူတို့အား လုံခြုံရေးလိုက်ပါပေးသည့်ကားက လှည့်ပြန်သွားခဲ့သည်။
“ကားကို ဟိုးရှေ့နားမှာ ခဏရပ်ပါဉီး..မေယု…. ဦလေးခင်မောင် ဆီ ဖုန်းဆက်မလို့..ဘဲကြီး..ရနောင်းဘက်ကမ်းကူးမယ့်ကိစ္စ သူ စီစဉ်ပေးလိမ့်မယ်”
ဗေဒါက ကားကို ရပ်ပေးလိုက်၏။
မေယုကြေးမုံက ကားပေါ်မှ ဆင်းပြီး ဖုန်းဆက်နေသည်။ ဗေဒါကလည်း မစ္စတာ ရစ်ကာနေးပေးထားသော ဖုန်းနံပါတ်ကို ခေါ်ကြည့်လိုက်၏။
“ကျွန်တော်ကော့သောင်းရောက်နေပါပြီ….အမြန်ဆုံး ရနောင်းကို ကူးလာဖို့ရှိပါတယ်”
မစ္စတာရစ်ကာနေးက ဘန်ကောက်သို့ ရောက်နေပြီဖြစ်ကြောင်းနှင့် မကြာမီ ရနောင်းသို့ ထွက်လာမည်ဖြစ်ကြောင်း အကြောင်းပြန်သည်။
ရစ်ကာနေး က ဖုန်းကို ကြာကြာမပြောသင့်ကြောင်း ပြောပြီး ဖုန်းချသွား၏။
မေယုကြေးမုံကလည်း ကားပေါ်သို့ ပြန်တက်လာသည်။
“ဦးခင်မောင်က ဟိုဘက်ကမ်းကူးဖို့ စိတ်ချရတဲ့ စက်လှေစီစဉ်ပေးမယ်ပြောတယ်..ဟိုဘက်ကမ်းမှာ..ဘဲကြီး ခဏအောင်းနေဖို့လည်း သူ့အဆက်အသွယ်တွေနဲ့ချိတ်ဆက်နေတယ်..မနက်ဖြန် ညနေ အထိတော့ ဒီမှာအောင်းရမယ်ပြောတယ်”
“မနက်ဖြန် ညနေအထိ လား”
“ဟုတ်တယ်…စက်လှေက မနက်ဖြန်ညထွက်မှာ…ဟိုးရှေ့ လေဆိပ်အကျော်မှာတော့…မေယု တို့ ပစ္စည်းတွေ ခဏထားတဲ့ ဂိုထောင်နဲ့ အိမ်ရှိတယ်.. အဲ့ဒီမှာပဲ ခဏနေကြတာပေါ့”
မေယုကြေးမုံက လမ်းညွှန်ပြပြီး ဗေဒါက ကားကို မောင်းလာခဲ့သည်။ ကော့သောင်းလေဆိပ်အကျော် လမ်းခွဲတစ်ခု အတိုင်း ဆယ့်ငါးမိနစ်ခန့်မောင်းဝင်သွားပြီးနောက် ပင်လယ်စာအိတ်စ်ပို့ကုမ္ပဏီဆိုင်းဘုတ်တစ်ခုချိတ်ထားသည့် ခြံကျယ်ကြီးတစ်ခုရှေ့သို့ ရောက်လာကြသည်။
မေယုကြေးမုံက ဗေဒါအား သော့တွဲတစ်ခု ထုတ်ပေးလိုက်၏။
“ခြံတံခါးတော့ ဆင်းဖွင့်ရမယ်..ဘဲကြီး”
ဗေဒါက ခြံတံခါးကို ဆင်းဖွင့်လိုက်သည်။ ထို့နောက် ကားကို ခြံထဲသို့ မောင်းကာ ခြံတံခါးကို ပြန်ပိတ်ပြီး ကားပေါ်သို့ တက်ကာ မောင်းဝင်လာလိုက်၏။
ခြံထဲတွင် ဂိုထောင်များရှိပြီး နှစ်ထပ်တိုက်အိမ်ကြီးတစ်လုံးလည်းရှိနေသည်။
“ဒီအိမ်မှာ နှစ်ရက်နေရမယ်….သွားရမယ့်နေ့ကျ မနက်စောစောမှာ ဦးခင်မောင်လွှတ်လိုက်တဲ့သူတွေက ကားနဲ့ လာခေါ်လိမ့်မယ်”
“ဒီမှာ ဘယ်သူမှ မရှိကြဘူးလား..မေယု”
“ဒါက မေယုတို့ အလုပ်ကိစ္စရှိမှ အသုံးပြုတဲ့နေရာပါ…လောလောဆယ် ဘာပစ္စည်းမှ မရှိသေးတော့..ဘယ်သူမှ လည်းမရှိဘူး…ဘာလဲ..မေယုနဲ့ နှစ်ယောက်တည်းနေရတော့မယ်ဆိုပြီး..ဘဲကြီး ရင်ခုန်သွားလို့လား”
“နေပါတော့..မင်းပဲ အန္တရာယ်ကောင်ကြီးဆို..”
ဒီတစ်ခါတော့ မေယုကြေးမုံက တခစ်ခစ်ရယ်သည်။
“အလကားစတာပါ…ဘဲကြီးက အောက်ထပ်က အခန်းမှာနေ…မေယုက အပေါ်ထပ်မှာ နေမယ်..နယ်မကျော်ကြကြေးပေါ့..အစားအသောက်အတွက်က ဦးခင်မောင် စီစဉ်ပေးထားတဲ့ လူတစ်ယောက်က လာလာပို့ပေးလိမ့်မယ်…ဟော့ဒီကော့သောင်းမှာ ဘဲကြီးရောက်နေတာ ဘယ်သူမှ မသိဖို့ စီစဉ်ထားတာပဲ”
ကားပေါ်မှ ဆင်းပြီးနောက် ဗေဒါက သူနေရမည့် အခန်းထဲသို့ ဝင်လိုက်သည်။
မေယုကြေးမုံကမူ ကောင်းသည့်လက်တစ်ဖက်ဖြင့် သူ့အထုတ်သူဆွဲကာ အပေါ်ထပ်သို့ တက်သွား၏။ ဗေဒါ လိုက်ပို့ပေးမည့် ဆိုသည်ကိုပင် လက်မခံ။
ထိုနေ့ က ညစာကို လူတစ်ယောက်လာပို့သဖြင့် ထမင်းစားခန်းတွင် သူတို့နှစ်ယောက် စားလိုက်ကြသည်။
မေယုကြေးမုံက သူ့အမေနှင့် ဖုန်းဆက်ရန်ရှိသည်ဟုဆိုကာ စားပြီးသည်နှင့် အိမ်ပေါ်ပြန်တက်သွား၏။
ဗေဒါလည်း အခန်းတွင်းသို့ ဝင်ကာ လှဲလိုက်သည်နှင့် အိပ်ပျော်သွားတော့သည်။
………………………………………….
“ဒေါက်..ဒေါက်..ဒေါက်”
“မယေု..မယေု”
ဗေဒါ က တံခါးကို ခပ်ကြမ်းကြမ်းထပ်ခေါက်သော်လည်း အထဲမှ အသံမကြားရ။
နေ့လည်စာ လာပို့သည့်သူပင် အောက်တွင်ရောက်နေလေပြီ ။ မေယုကြေးမုံက အိပ်ရာမထသေးသဖြင့် ဗေဒါက အောက်ထပ်မှ ဖုန်းလှမ်းခေါ်သည်။
ဖုန်းမကိုင်။ စိတ်ပူလာသဖြင့် အပေါ်ထပ်သို့ တက်ကာ တံခါးခေါက်နေခြင်းပင်။
အထဲမှ တုန်ပြန်မှု့လုံးဝမရှိ။
ဗေဒါ စိတ်ပူလာ၏။
တံခါးကို နောက်တကြိမ်ခပ်ကြမ်းကြမ်း ခေါက်လိုက်ပြန်သည်။
အထဲမှ အသံသဲ့သဲ့ ကြားရ၏။
တံခါးခပ်ဟဟပွင့်လာသည်။
မေယုကြေးမုံ၏ မျက်နှာက ဖျော့တော့နေ၏။ ထို့နောက် ဒူးညွှတ်ကျသွားသည်။
“မေယု”
ဗေဒါက ပွေ့ယူလိုက်သည်။
“ဟာ.ကိုယ်တွေပူနေတာပဲ”
မေယုကြေးမုံက ဘာမှ ပြန်မပြောနိုင်။ အသက်ရှုသံပြင်းပြင်းကို ဗေဒါ ကြားနေရ၏။
“ဟို..အကို ခဏလာပါဉီးဗျာ..ဒီမှာ အဖျားတွေတက်ပြီး သတိလစ်သွားလို့…လာပါဉီး”
မနက်စာလာပို့သည့် လူက အပေါ်သို့ ပြေးတက်လာသည်။
“ဒီနားမှာ ဆေးခန်းဖြစ်ဖြစ်၊ ဆေးရုံဖြစ်ဖြစ်မရှိဘူးလား”
“ဆေးရုံကတော့ မြို့ထဲမှာပဲရှိတယ်ဗျ..ဆေးခန်းဆိုရင်တော့ ဒီနားက ခုနှစ်မိုင်ဈေးမှာ ဆေးခန်းတစ်ခုရှိတယ်…နေ့လည်ပိုင်း ဖွင့်မဖွင့်တော့မသေချာဘူး”
“ဒါဆိုလည်း သူ့ကို မပြီး ကားပေါ်တင်ရအောင်ဗျာ….ခင်ဗျားပဲ ဆေးခန်းရှိတဲ့နေရာ ရှေ့က လမ်းပြပေးပါ”
ဗေဒါ မေယုကြေးမုံကို ပွေ့ပြီး ကားပေါ်သို့ တင်လိုက်သည်။
ဆိုင်ကယ်ဖြင့်လမ်းပြသည့်နောက်သို့ဗေဒါ က ကားဖြင့်မောင်းလိုက်၏။
ခုနှစ်မိုင်တွင်လည်း ဆေးခန်းက မဖွင့်သေး။ နေ့လည်ပိုင်းဖွင့်သည့် ဆေးခန်းတစ်ခု ကော့သောင်းမြို့ထဲတွင် ရှိသည်ဟု လမ်းညွှန်လိုက်သည်။
မြို့ထဲသို့ ခရီးဆက်ရပြန်သည်။
ကော့သောင်းမြို့ထဲရှိ ဆေးခန်းရှေ့သို့ ရောက်သည်နှင့် ကားကိုရပ်ပြီး မေယုကြေးမုံ အား ပွေ့ကာ ခေါ်ယူရ၏။
ကံကောင်းထောက်မစွာပင် ဆေးခန်းက ဆရာဝန်သာရှိပြီး လူနာတစ်ဉီးမှ မရှိသေး။ ဗေဒါတို့အား မနက်စာလာပို့သူကလည်း ကိစ္စရှိသည်ဟုဆိုကာ ဆေးခန်းဝရောက်သည်နှင့် ပြန်သွားသည်။
ဆရာဝန်ကလည်း ဗေဒါတို့ကိုမြင်သည်နှင့် ထလာ၏။
“ဘာဖြစ်တာလဲ”
“အဖျားတွေ အရမ်းတက်နေလို့ဆရာ”
“လာလာ..ဒီဘက်..ကုတင်ပေါ်တင်လိုက်”
ဆရာဝန်က မေယုကြေးမုံ၏ နဖူးကို စမ်းလိုက်သည်။ ထို့နောက် အဖျားတိုင်းလိုက်၏။
“ဟာ..အဖျားကတော်တော်တက်နေတာပဲ…ရေပက်ဝတ်တိုက်ချမှရမယ်…ကျွန်တော့်ကို ကူညီပါဉီး အနောက်မှာ အုတ်ကန်ရှိတယ်..အဲ့ဒီက… ရေတစ်ပုံးသွားခပ်လာခဲ့ပေးပါ”
ဗေဒါက အနောက်ဘက်သို့ ထွက်ကာ ရေတစ်ပုံးခပ်ခဲ့ပေး၏။ ဆရာဝန်က အရေးပေါ်နည်းဖြင့် ကိုယ်ပူကျစေရန် ရေပက်ဝတ်တိုက်ချပေးနေသည်။
“ပုခုံးက ဒဏ်ရာက ဘာဖြစ်တာလဲ”
“ဟို…ဟာ”
“ဆိုင်ကယ်မှောက်ထားတာပါ”
“အဲ့ဒီ အနာရှိန်နဲ့ ဖျားတာပဲ”
ဆရာဝန်က သူလုပ်စရာရှိသည်များကို ဆက်တိုက်လုပ်သွား၏။
မကြာမီ မေယုကြေးမုံ၏ မျက်လုံးလေးများ ပွင့်လာသည်။
ဗေဒါက မေယုကြေးမုံ၏ လက်ကလေးများကို ဆုပ်ကိုင်လိုက်၏။
“မေယု..မေယု..သတိရပြီလား”
“အင်း..ဘဲကြီး..မေယုတို့ ဘယ်ရောက်နေတာလဲ”
“ဆေးခန်းကို ရောက်နေတာ”
“ဟင်..ဘယ်က ဆေးခန်းလဲ”
“ကော့သောင်းမြို့ထဲက ဆေးခန်းပေါ့..ဒီမှာ…ဒေါက်တာလည်းရှိတယ်”
ဆရာဝန်က မေယုကြေးမုံကို ပြုံးပြသည်။
“အနာရှိန်နဲ့မို့ အဖျားက အရမ်းကြီးသွားတာပါ…ခဏနေ ချွေးထွက်လာလိမ့်မယ်..စိတ်ပူစရာမရှိပါဘူး..အဲ..မနက်ဖြန်တော့ အနာကို ပက်တီးလဲပေးဖို့ လိုလိမ့်မယ်”
ဆရာဝန်က ဗေဒါအား ဆေးများ ပေးပြီး သောက်ရန် ညွှန်းနေ၏။
“ကဲ..ညီမ…ဘာမှစိတ်မပူနဲ့တော့…ကျွန်တော့်ဖုန်းနံပါတ်လည်းရေးပေးလိုက်မယ်..တစ်ခုခုဆို အိမ်ကို ပင့်လည်းရတယ်”
ဗေဒါက ဆရာဝန်အား ကုသခ ရှင်းပေးလိုက်သည်။
ထို့နောက် မေယုအား ဗေဒါ က တွဲကာ ကားပေါ်သို့ ခေါ်လာခဲ့လိုက်၏။
ဗေဒါက ကားစက်နှိုးလိုက်သည်။
“ဘဲကြီး…မေယုကို ဘာလို့ မြို့ထဲ ခေါ်လာရတာလဲ”
“ပထမ ခုနှစ်မိုင်ဈေးက ဆေးခန်းကိုခေါ်သွားသေးတယ်…အဲ့ဒီမှာ ဆေးခန်းက မဖွင့်သေးလို့..ဒီဆေးခန်းဖွင့်တယ်ဆိုတာနဲ့..ဒီကိုလာရတာ…မေယု”
“ဒီမြို့ထဲမှာ ရှင့်ကို လိုက်နေတဲ့လူတွေ ထဲက တယောက်ယောက်မြင်သွားရင် ဘယ်လိုလုပ်မလဲ”
“ကိုယ်က အရေးမကြီးပါဘူး..မေယုက အရေးကြီးတာပါ..မေယု တစ်ခုခုဖြစ်ရင်.ကိုယ်တသက်လုံး နောင်တရနေမှာ”
မေယုကြေးမုံက ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။
ကားက ကော့သောင်းမြို့ပြင်ဘက်သို့ ပြန်ထွက်လာပြီဖြစ်၏။
ထိုစဉ်..ဗေဒါ ၏ ကားနှင့် ကပ်လျက်သို့ ကားတစ်စီးက ကျော်တက်မည်ပြုသဖြင့် ဗေဒါက လမ်းဘေးသို့ ကားကို ချပေးလိုက်သည်။
သို့သော် ထိုကားက ဗေဒါတို့ကားကို ဖင်ဖြင့် ပွတ်ဆွဲချသွားသည်။
ဗေဒါက ဘရိတ်ကို စောင့်အုပ်လိုက်ပြီး ကားကို လမ်းဘေးသို့ ဆွဲချလိုက်၏။ ကားက လမ်းဘေးမှ မြောင်းငယ်ထဲသို့ ရှေ့ဘီးများကျသွားသည်။
ဗေဒါက မေယုကြေးမုံ၏ ကို အလန့်တကြားဖြင့် လှမ်းဆွဲထားလိုက်သဖြင့် သူ့လက်တစ်ဖက်က ကားဒတ်ချ်ဘုတ်နှင့် မေယုကြေးမုံ၏ ရင်ဘတ်ကြား ညပ်သွားသည်။
“မေယုဘာဖြစ်သွားသေးလဲ”
“ဘာမှမဖြစ်ဘူး..ဘဲကြီး.ကားတံခါးဖွင့်ပေးပါဉီး”
ဗေဒါက ကားတံခါးကို အားဖြင့် တွန်းဖွင့်လိုက်၏။
ရှေ့ကားပေါ်မှ လူနှစ်ဉီး ဆင်းလာသည်။ လက်ထဲတွင် ဓားရှည်ကိုယ်စီကိုင်ထားပြီး မျက်နှာတွင်လည်း အဝတ်များစည်းလျက်။
ဗေဒါက ကားတံခါးကို ဖွင့်ကာ ကားထဲမှ ထွက်လိုက်၏။
ရှေ့ဆုံးမှ လူက အပေါ်စီးမှ ဓားဖြင့် စီးခုတ်သည်။
ဗေဒါက မြောင်းတစ်ဖက်ခြမ်းသို့ လှိမ့်တက်လိုက်သဖြင့် ဓါးချက်က လွဲသွား၏။
“မေယု ကားထဲက မထွက်နဲ့ဉီး”
ဓားသမားက မြောင်းကို ခုန်ကျော်ကာ ဗေဒါ ကို ရင်ဆိုင်လိုက်သည်။
နောက်ထပ် ဓားသမားတစ်ဉီးက မေယုကြေးမုံရှိရာ ကားဆီသို့ ဉီးတည်သွားနေ၏။
“မေယု.ကားတံခါးကို လော့ပြန်ချထား..ချထား”
ဗေဒါ အော်နေစဉ်မှာပင် ဓားသမားက တည့်တည့်လျှောက်လာသည်။
ထို့နောက် သူမျက်နှာပေါ်မှ ပုဝါကို ဖယ်လိုက်၏။
“စိုင်းနွံ”
ခက်ဇော်
အခန်း ၃၆ (ဇာတ်သိမ်း) ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>