အထောက်အထားမဲ့ မြန်မာလုပ်သား ၂၃ ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဖမ်းဆီးခံရ

0
1996
ဓာတ်ပုံ - Bangkok Post

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင် ဘန်ဖလီဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အထောက်အထားမဲ့ လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၂၃ ဦးကို ဧပြီလ ၂၈ ရက်နေ့တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြသည်။

တံတားအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း တရားမဝင် နိုင်ငံခြားသားများကို အလုပ်ခန့်ထားကြောင်း သတင်းပေးတိုင်ကြားချက်အရ ထိုင်းလဝက အဖွဲ့များမှ မြေပြင်သို့ ကွင်းဆင်းစစ်ဆေးစဉ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဝင်ရောက်စစ်ဆေးစဉ်တွင် အလုပ်သမားများစွာ ထွက်ပြေးခဲ့ကြသော်လည်း မြန်မာအလုပ်သမား ၂၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများတွင် အလုပ်လုပ်ခွင့်လက်မှတ် Work Permit များမရှိကြသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း စစ်ဆေးမှုကို ဦးဆောင်ခဲ့သော လဝကရဲမှူးကြီးက ပြောဆိုသည်။

အလုပ်သမားခေါင်းဆောင်ကို မြန်မာ အလုပ်သမားများအကြောင်း မေးမြန်ရာတွင် အလုပ်သမားခေါင်းဆောင် ကိုယ်တိုင်က မသင်္ကာစရာကောင်းနေခဲ့သဖြင့် သူ့ကိုလည်း ထပ်မံစစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ အလုပ်သမားခေါင်းဆောင်ကိုယ်တိုင်က ထိုင်းနိုင်ငံအတွင်းသို့ အလည်အပတ်ဗီဇာဖြင့် ဝင်ရောက်လာခဲ့သော တရုတ်နိုင်ငံသားဖြစ်နေပြီး ထိုင်းနိုင်ငံသားဟန်ဆောင်ကာ လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟုဆိုသည်။

တရုတ်နိုင်ငံသားသည် ဆောက်လုပ်ရေးလုပ်ငန်းတွင် ခွင့်ပြုချက်မရှိဘဲ အလုပ်သမားခေါင်းဆောင်အဖြစ် လုပ်ကိုင်နေခဲ့ကြောင်း ဝန်ခံခဲ့သည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများနှင့် တရုတ်နိုင်ငံသားတို့ကို တရားစွဲဆိုသွားမည်ဖြစ်ပြီး ဘန်ဖလီရဲစခန်းသို့ ပို့ဆောင်ခဲ့ကာ နောက်ပိုင်းတွင် အားလုံးကို သက်ဆိုင်ရာနိုင်ငံများဆီသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ယင်းသတင်းတွင်ဖော်ပြထားသည်။

ပြီးခဲ့သော ဧပြီလ ၂၇ ရက်နေ့ကလည်း ချင်းမိုင်တွင် အလုပ်ရှာရန်သွားသော အထောက်အထားမဲ့ မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦးကို ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။