ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
1924

ယခုအပတ် ရွှေဈေးမှာ အတက်ဈေးတွင်ရှိနေပြီး ထိုင်းဘတ်ဈေးလည်း တရွေ့ရွေ့ တက်လာခဲ့သည်။ ဓာတ်ဆီဈေးမှာမူ ဈေးမငြိမ်ဘဲ တောက်လျှောက် အတက်အကျဖြစ်နေသည်။

တရွေ့ရွေ့တက်လာသည့် ရွှေဈေး

သင်္ကြန်ကာလပြီးချိန်တွင် တက်ရိပ်ပြလာသည့် အခေါက်ရွှေဈေးသည် တဖြည်းဖြည်းတက်လာပြီး တစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်အနား ကပ်လာသည်။

နှစ်ဆယ့်ကိုးသိန်းခွဲဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေသည့် အခေါက်ရွှေသည် သင်္ကြန်ပြီးချိန် ယခုအပတ်တွင် တောက်လျှောက်တက်ရိပ်ပြနေသည်။

လက်ရှိထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းရှစ်သောင်း ဈေးဖွင့်ထားသည်။

အချိန်ကာလတစ်ခုအထိ ငြိမ်နေသည့် ထိုင်းဘတ်ငွေဈေးလည်း တရွေ့ရွေ့တက်လာသည်။

တနင်္လာနေ့က ၈၃ ကျပ်နီးပါးဖြင့် ဈေးဖွင့်ခဲ့သည့် ထိုင်းဘတ်ငွေသည့် တဖြည်းဖြည်းတက်လာပြီး သောကြာနေ့တွင် ၈၄ ကျပ်စွန်းစွန်းအထိ ဈေးမြောက်လာသည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၈၉  ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အတက်အကျရှိသည့် စက်သုံးဆီဈေး

တနင်္သာရီတိုင်း၏ စက်သုံးဆီဈေးမှာ နေ့စဉ်အတက်အကျရှိခဲ့သည်။

ယခုတစ်ပတ်အတွင်း ဓာတ်ဆီတစ်လီတာလျှင်  ၈၀ ကျပ်အထိ အလှုပ်အခတ်ရှိခဲ့သည်။

ယခုအပတ် ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၈၀ ကျပ် မှ ၂၁၆၀ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချနေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၄၀၀ ကျပ်မှ  ၃၂၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ အပြောင်းအလဲနည်းနည်းဖြင့် ဈေးဆက်ဖွင့်နေမည့် အနေအထားရှိကြောင်း ခန့်မှန်းရသည်။

လက်ရှိကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် ၁၉၉၀ ဒေါ်လာရှိပြီး အနည်းငယ်တက်ရိပ်ပြနေသည်။ ပြီးခဲ့သည့်အပတ်ကမူ ၁၉၈၃ ဒေါ်လာဈေးပေါက်ခဲ့သည်။

ပြီးခဲ့သည့်အပတ်က နိုင်ငံ့ဝန်ထမ်းလစာတိုးပေးတော့မည်ဆိုသည့် ကောလဟလကြောင့် ရွှေဈေးတက်ခဲ့သည်ဆိုသော်လည်း ယခုအပတ်တွင်မူ ပြန်ကျသွားခြင်းမရှိပေ။

ထိုင်းဘတ်ဈေးလည်း အတက်အကျနည်းနည်းဖြင့် ဆက်ရှိနေနိုင်သည်။

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် မတည်ငြိမ်မှုများ၊ ပြည်တွင်းပဋိပက္ခများကြောင့် ကုန်သွယ်ရေးကျဆင်းနေသည့်အတွက် ထိုင်းဘတ်ဈေးမှာ အတက်အကျ ကြီးကြီးမားမား မရှိနိုင်ပေ။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးနှင့် ဒေါ်လာဈေးမှာ တက်ရိပ်ပြနေသည်။

အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၇၀ ကျပ် ပေါက်ဈေးရှိနေသည်။

ကမ္ဘာ့ရေးရာကိစ္စများကြောင့် စက်သုံးဆီဈေးမှာ အတက်အကျမငြိမ်ဘဲဈေးဖွင့်မည့် သဘောရှိသည်။

ပြည်တွင်းလျှပ်စစ်မီးပြတ်တောက်မှုဂယက်နှင့် ဈေးကွက်အတွင်း စက်သုံးဆီဝယ်လိုအားများခြင်းကြောင့် ဈေးကျနိုင်မည့် အရိပ်အယောင် မတွေ့ရပေ။