စံချိန်တင် မြင့်တက်လာသည့် နေ့အပူချိန်နှင့် အာရှနိုင်ငံများအတွင်း  ပိုမိုဆိုးဝါးလာနိုင်သော အပူလှိုင်း

0
2073

တောင်အာရှ နှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများတွင် ပြင်းထန်သော အပူလှိုင်း ဖြတ်သန်းလျက် ရှိသည်။ 

အိန္ဒိယ၏ အနောက်ဘန်ဂေါလ်ပြည်နယ်ကဲ့သို့ အပူပြင်းထန်နေသည့် ဒေသများတွင် မွန်းတည့်နေ၏ အပူရှိန်အောက် ကြက်ဥကြော်ပြနေမှုများ ရှိလာသည့်အထိ အပူချိန်များ စံချိန်တင် မြင့်တက်လျက် ရှိသည်။

နေ့အပူချိန်မြင့်တက်လာမှုသည် အိန္ဒိယ၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် ၄၅ ဒီဂရီ စင်တီဂရိတ်အထိရှိပြီး ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ဗီယက်နမ်၊ နီပေါနှင့် တရုတ်နိုင်ငံတို့တွင် ၄၂ ဒီဂရီ စင်တီဂရိတ်မှ ၄၃ ဒီဂရီ စင်တီဂရိတ်အထိ ရှိနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက စောင့်ကြည့်လျက်ရှိသည်။

ဤကဲ့သို့ ဖြစ်စဉ်သည် ဆယ်စုနှစ်များစွာအတွင်း နိုင်ငံအများစု မကြုံစဖူးသော အပူချိန်များဖြစ်သည်။

အာရှတိုက်တစ်ဝှမ်း နေထိုင်သူများသည် ၎င်းတို့၏ လေအေးပေးစက်များနှင့် လျှပ်စစ်ပန်ကာများကို အဆမတန် သုံးစွဲနေရသဖြင့် မီတာခမြင့်တက်ခြင်းကဲ့သို့ အခြားအကျိုးဆက်များ ရှိလာသည့်အတွက် လေအေးစက် အမြဲဖွင့်လေ့ရှိသည့် ဈေးဝယ်စင်တာများနှင့် ၎င်းတို့၏ရုံးခန်းများတွင် အပူရှောင်နိုင်ရန် သို့မဟုတ် မိုးရွာရန် ဆုတောင်းနေကြသည်။

ထူထပ်လာသည့် လူအုပ်အကြား ပူပြင်းလာသည့် နေရှိန်ကို အပြင်းအထန် ခံစားနေကြရသည့် အပြင် လူစုလူဝေးများသည့် စာသင်ခန်းများမှ ကျောင်းသားများသည် အပူဒဏ်ကြောင့် ဆေးရုံသို့ ရောက်ရှိ ကုန်ကြသည်။

ဓာတ်အားလိုင်းများသည် ၎င်းတို့၏ စွမ်းဆောင်ရည်ထက် ကျော်လွန်ကာ လုပ်ဆောင်နေရသည့် တချိန်တည်းမှာပဲ လယ်သမားများသည် အပူဒဏ်ကြောင့် စိုက်ပျိုးထားသည်များ ပျက်စီးနေမှုကို ကြည့်ရှုနေကြသည်။

အာရှတိုက်သမိုင်းတွင် “အဆိုးရွားဆုံး ဧပြီလ အပူလှိုင်း” ကို ကြုံတွေ့နေရသည်ဟု ပြင်းထန်သောရာသီဥတုကို ခြေရာခံလေ့လာနေသည့် ရာသီဥတုပညာရှင်နှင့် မိုးလေဝသသမိုင်းပညာရှင် မက်ဆီမီလီယာနို ဟာရယ်ရာ က ၎င်း၏တွစ်တာအကောင့်တွင် ပြောကြားခဲ့သည်။

“ဒါက ပိုဆိုးလာလိမ့်မယ်” ဟု ၎င်းက သတိပေးသည်။

ယခုလို အဆမတန် ပူပြင်းမှုသည် ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် ကျရောက်လာမည့် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ပိုမိုဆိုးရွားလာနိုင်သည့် ရှည်လျားသော ပူပြင်းခြောက်သွေ့ကာလ၏ အစသာ ဖြစ်သည်ဟု ရာသီဥတုဗေဒပညာရှင်များနှင့် သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

အာရှတိုက်နေပြည်သူများအနေနှင့် ပိုမိုပူပြင်းသော နေ့ရက်များအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဟု ၎င်းပညာရှင်တို့က သတိပေးထားသည်။

သေဆုံးမှု နှင့် လမ်းပေါ်က ကတ္တရာ အရည်ပျော်ခြင်း

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရာ့ရှ်ထရာ ပြည်နယ်တွင် ပြီးခဲ့သည့် ဧပြီလ ၁၆ရက်နေ့က ပြည်နယ်ဆုပေးပွဲ အခမ်းအနားသို့ လူပေါင်း တစ်သန်းကျော် တက်ရောက်ပြီးနောက် အပူဒဏ်ကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဂူဂျာရတ်ပြည်နယ်တွင် လူဦးရေအများဆုံးမြို့ဖြစ်သည့် အာမယ်ဒါဘတ် တွင် လေထုသည် ပူပြင်းကာ စိုထိုင်းစ များနေသောကြောင့် လမ်းပေါ်က အသစ်လောင်းထားသည့် ကတ္တရာသည် မခြောက်ပဲ အရည်ပျော်သွားခဲ့သည်။

အိန္ဒိယနိုင်ငံရှိ အခြားပြည်နယ်နှစ်ခုဖြစ်သည့် အရှေ့မြောက်ဘက်ရှိ ထရီပူရ နှင့် အရှေ့ဘက်ရှိ အနောက်ဘန်ဂေါပြည်နယ်တို့တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် မြင့်တက်နေသောကြောင့် ကျောင်းများကို ယခုသီတင်းပတ်တွင် ပိတ်ထားရန် အမိန့်ပေးထားသည်။

အနောက်ဘန်ဂေါပြည်နယ် ရှိ ဗီဒီယိုဘလော့ဂါတစ်ဦးသည် မကပ်ဒယ်အိုးတစ်ခုပေါ်တွင် ကြက်ဥတစ်လုံးကို ထည့်ပြီး ယင်းဒယ်အိုးကို ဝရန်တာလက်ရန်းတွင် တင်ကာ ပြင်းထန်သည့် နေ့အပူချိန် ကို အသုံးပြုကာ ကြော်ပြခဲ့သည်။

အလားတူ အင်ဒိုနီးရှားတွင် အပူချိန် ၃၃ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်နေသည့် ဂျာဗားပြည်နယ် အလယ်ပိုင်း ၊ ဆူကိုဟာဂျို ခရိုင်တွင် နေထိုင်သူတစ်ဦးသည် ငုံးဥများကို ဒယ်အိုးတစ်လုံးထဲတွင် ထည့်ကာ နေရောင်အောက်တွင် ချက်ပြုတ်ခဲ့သည်။ ဤသို့ ပြသမှုများအပြင် ပြင်းထန်သည့် နေ့အပူချိန်ကို ပြသနိုင်ရန် ရေကို အပြင်ထုတ်ထားကာ ပူအချိန်ကို ပြသမှုများလည်း ရှိသည်။

အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်ထိ ရောက်နေသည့် ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၏ တောင်ဘက် ပြည်နယ်တစ်ခုတွင် အလယ်တန်းကျောင်းသူ ၁၅၀ နီးပါးခန့်သည် ၎င်းတို့၏ ကျောင်းတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားပြီးနောက် အပူရှပ်မှု ခံစားခဲ့ရသည်။ ထို့ကြောင့် ခုနှစ်ဦး မေ့လဲကာ နှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

အဆိုပါကျောင်းတွင် ကျောင်းသား ၆၀ ခန့်ဖြင့် ပြည့်နေသည့် စာသင်ခန်းများ ရှိပြီး ယင်းလူအုပ်များကို အအေးဓာတ်ပေးနိုင်ရန် လျှပ်စစ်ပန်ကာများသာ ရှိသည်။

ဒီဂျစ်တယ် ကွန်းတန့်ဖန်တီးသူ တစ်ဦး ဖြစ်သည့် အသက် ၅၀ အရွယ် မနီလာမှ ဒင်ကီ ရိုဒရီဂွတ်ဇ်  က ” တတ်နိုင်သမျှ အပူဒဏ်ကို ခံနိုင်ရည်ရှိဖို့ ကြိုးစားပေမယ့် တကယ်မခံနိုင်တဲ့အထိ ပူလာတဲ့အခါ လေအေးပေးစက် ကို သုံးလိုက်ရတာပါပဲ”ဟု The Straits Times သတင်းဌာန သို့ ပြောကြားခဲ့သည်။

မနီလာမြို့တောင်ဘက် ပါရာနာကေး မြို့မှ အသက် ၅၂ နှစ်အရွယ် စီးပွားရေးအတိုင်ပင်ခံ မွန် လော်ရွန် က ၎င်းသည် အပူချိန်မြင့်တက်လေ့ ရှိသော အချိန်များ ၊ များသောအားဖြင့် နေ့ခင်းဘက်တွင် လေအေးစက် အမြဲဖွင့်ထားလေ့ ရှိသည့် စျေးဝယ်စင်တာများသို့ သွားလေ့ရှိသည်ဟု ဆိုသည်။

“ဒါဟာ မီတာခ သက်သာစေတဲ့ ရွေးချယ်မှုပါ။ အနီးအနားမှာ စျေးဝယ်စင်တာရှိလို့ တော်သေးတယ်” ဟု ပြောသည်။

နိုင်ငံတွင်းရှိ လူထုအကြား လွှမ်းမိုးနိုင်သူများသည် ပြည်သူများထံ နေရောင်ကာခရင်မ် လိမ်းရန် အကြံပေးနေကြပြီး Grab ကဲ့သို့သော ကုမ္ပဏီများသည် စာရင်းသွင်းသူများ ပိုမို တိုးလာစေရန် ၎င်း၏ ဝန်ဆောင်မှုများကို ရယူအသုံးပြုသူများအား ကော်ဖီအေးများကို အခမဲ့ ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ၊ ရန်ကုန်တွင် မွန်းတည့်ချိန်ကဲ့သို့ နေက မိမိခေါင်းပေါ် တည့်တည့်ကျသည့် အချိန်သည် အပူဆုံး ဖြစ်သည့်အတွက် ယင်းအချိန်တွင် ကားမောင်းခြင်းကို ရပ်ရလေ့ ရှိသည် ဟု တက္ကစီယာဉ်မောင်း ကိုသက်အောင် (၄၂) နှစ် က ဆိုသည်။

“နေ့ခင်းမှာ အရမ်းပူရင် ကားမမောင်းနိုင်ဘူး” ဟု AFP သတင်းဌာန သို့ ပြောကြားခဲ့သည်။

နေ့အပူရှိန် မြင့်တက်လာသည်နှင့်အမျှ တဖက်မှာလည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်တက်လာခြင်း သည် လူသန်းပေါင်းများစွာကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ရန် ဖိအားပေးခံနေရသော ဘင်္ဂလားဒေ့ရှ် ကဲ့သို့ ဆင်းရဲနွမ်းပါးသော နိုင်ငံများတွင် မဟာဓာတ်အားလိုင်း ၏ စွမ်းဆောင်ရည်သည် သတ်မှတ်ထားသည့် အကန့်အသတ်ကို ရောက်ရှိနေပြီ ဖြစ်သည်။

“ကျွန်တော်တို့အတွက် ညဘက်တွေမှာ မီးမလာရင် အိပ်ရတာ ခက်ခဲပါတယ်။ တစ်နေ့လုံး ဥပုသ် စောင့်ထားရတဲ့ အခါမျိုး ဆိုရင် ပိုခက်ခဲပါတယ်” ဟု မြို့တော် ဒါကာ၏ အစွန်အဖျားရှိ အာရှုလီယာ မြို့၌ နေထိုင်သူ မွန်နာ ခန်း က ပြောကြားခဲ့သည်။

အင်မတန် ပူပြင်းလာသည့်အတွက် ရာနှင့်ချီသော ပြည်သူများသည် ယခုသီတင်းပတ်တွင် ဒါကာမြို့မှာ စုဝေးခဲ့ကြပြီး မိုးရွာရန် ဆုတောင်းခဲ့ကြသည်။

မြင့်မားလာသည့် နေ့အပူချိန်ကြောင့် လေအေးပေးစက်များနှင့် ဖိအားဖြင့် အဝီစိရေဆွဲတင်ရမှုများကို မြင့်မားစွာအသုံးပြုခြင်းသည် ၎င်း၏ ဓာတ်အားပေးစက်ရုံများကို လောင်စာဆီ မြန်မြန် ကုန်လွယ်စေသည့် အတွက် နိုင်ငံတွင်း ရံဖန်ရံခါ  မီးပျက်မှုများ ရှိလာနိုင်ကြောင်း အိန္ဒိယအစိုးရက သတိပေးထားသည်။

ဖိလစ်ပိုင်မှာမူ  ပြည်သူများသည် ပြင်းထန်သည့် အပူဒဏ်အကြား ဟဒယရွှင်ဆေးဖြင့် အာရုံလွှဲနိုင်ဖို့ရာ ဆိုရှယ်မီဒီယာကို အသုံးပြုကြသည်။

Oppa Philippines အမည်ရ တွစ်တာအကောင့်တစ်ခု က “အရမ်းပူတယ်၊ ငါတို့ မီး နဲ့ ရေချိုးနေရသလိုပဲ” ဟု မှတ်ချက်ချခဲ့သည်။

အဆင်မပြေရုံ သက်သက်သာ မဟုတ်သော အပူဒဏ်

ပြည်သူများသည် ဆိုရှယ်မီဒီယာကနေ ရယ်နိုင်ကြသော်ငြား ပြင်းထန်လှသည့် နေ့အပူရှိန်အပေါ် သိပ္ပံပညာရှင်များကမူ မရယ်နိုင်ကြပေ။ ယခုလို အဆမတန် ပူပြင်းလာမှုသည် ရာသီဥတု ဖောက်ပြန်မှု၏ အကျိုးဆက် ဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်။

AccuWeather မှ မိုးလေဝသပညာရှင် ဂျေဆင် နစ်ကိုးလ်စ် က ယခုလို လူသားများကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာကြီး ပူနွေးလာမှုသည် အပူလှိုင်းများကို ကြာရှည်လာစေကာ ပြင်းအားများကိုလည်း မြင့်တက်လာ စေနိုင်သည်ဟု ဆိုသည်။

Climate Analytics အဖွဲ့ မှ ဒေသဆိုင်ရာ ရာသီဥတုမူဝါဒရေးရာ ဦးဆောင်သူ ဒေါက်တာ ဖာဟတ် ဆေးအိဒ်  က “ထိုင်း၊ တရုတ်နဲ့ တောင်အာရှမှာ ဒီနှစ် စံချိန်တင် အပူရှိန်က ရှင်းရှင်းလင်းလင်း မြင်ရတဲ့ ရာသီဥတု ဖြစ်စဉ် ဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် နောင်နှစ်တွေမှာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြစ်စေလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ဤကဲ့သို့ ပြင်းထန် အပူချိန်သည် ထိခိုက်လွယ်သော လူဦးရေအပေါ် သက်ရောက်မှု ပိုမို ပြင်းထန်မည်ဟု ၎င်းက ဆိုသည်။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ ပြင်းထန်တဲ့ အပူဒဏ်က ဆင်းရဲချို့တဲ့သော ပြည်သူတွေကို အပြင်းထန်ဆုံး ထိခိုက်စေလိမ့်မယ်” ဟု ၎င်းက ဆိုသည်။ “အပူရှောင်ခြင်း သို့မဟုတ် လုံလောက်သော အမိုးအကာ စတဲ့အချက်တွေကို လက်လှမ်းမမီနိုင်တဲ့သူများအတွက် ယခုလို ဖြစ်စဉ် က အသက်အန္တရာယ် ကို ခြိမ်းခြောက်တဲ့ အထိ ဖြစ်စေနိုင်ပါတယ်”

ကမ္ဘာ့အကြီးဆုံးနိုင်ငံ ဖြစ်လာစေရန် ရည်မှန်းထားသည့် အိန္ဒိယနိုင်ငံတွင်း ဟုန်းဟုန်းတောက် အပူချိန်ကြောင့် ၎င်း၏ လူဦးရေ ၁.၄ ဘီလီယံကျော်ကို ဖျားနာမှုနှင့် ငတ်မွတ်မှုဒဏ်ကို ပိုမိုခံစားရစေကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လွန်ကဲသော ရာသီဥတုကြောင့် မကြာသေးမီနှစ်များအတွင်း စက်မှုရေးရာ ကုန်ထုတ် လုပ်ငန်းများတွင် ကြီးမားသော အနှောက်အယှက်များကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံတွင်း ပြင်းထန်သည့် မိုးခေါင်ရေရှားမှု သည် လယ်မြေများကို ရေသွင်းရန်နှင့် Three Gorges Dam ဓာတ်အားပေးစက်ရုံကြီးကို ရေအားလျှပ်စစ်ပေးရန်အတွက် အသုံးပြုသည့် အဓိက ရေအရင်းအမြစ် ဖြစ်သည့် ယန်ဇီမြစ် အပေါ် သက်ရောက်မှု ကြီးခဲ့သည်။

ရာသီဥတုဗေဒပညာရှင် ဟာရယ်ရာ က ယခုအချိန်တွင် အာရှသည် ယခင်နှစ်များနှင့်မတူ အင်မတန် ပြင်းထန်သော အပူလှိုင်းကို ကြုံတွေ့နေရကြောင်း ပြောကြားခဲ့သည်။

မကြာမီ လာတော့မည့် အယ်နီညိုရာသီဥတု သည် လက်ရှိ ပြင်းထန်ဆဲ အပူဒဏ်ကို  ပိုမိုဆိုးရွားလာစေဖွယ် ရှိနေသည်။

ဥရောပသမဂ္ဂ၏ Copernicus ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စောင့်ကြည့်လေ့လာရေး ၏ ဒါရိုက်တာ ကာလို ဗူယွန်ထမ်ပို က “အယ်လ်နီညိုက ပုံမှန်အားဖြင့် ကမ္ဘာ့အဆင့်အထိ စံချိန်တင်အပူချိန်များနှင့် ဆက်နွယ်ပြီး ဖြစ်တတ်ပါတယ်။ ဒီအခြေအနေကို ၂၀၂၃ ဒါမှမဟုတ် ၂၀၂၄ မှာ ဖြစ်လာနိုင်မှု ရှိ ၊ မရှိ ဆိုတာ သေချာ မသိရသေးပေမယ့် အခုအနေအထားအရ ဖြစ်နိုင်ချေ ပိုများတယ်လို့ ထင်ပါတယ်။ ”ဟု ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့သည် ။

ယခုအချိန်အထိ ကမ္ဘာ့အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့သည့် ၂၀၁၆ ခုနှစ် သည် အားကောင်းသော အယ်နီညိုရာသီဥတု နှင့် ကြုံကြိုက်ခဲ့ရသည်။

“အယ်လ်နီညိုရာသီဥတု သာ တကယ် ဖြစ်လာခဲ့ရင် အခု ၂၀၂၃ခုနှစ်က ၂၀၁၆ခုနှစ် ထက်တောင် ပိုပူလာဖို့ အလားအလာ ရှိပါတယ် – လူတွေက ရုပ်ကြွင်းလောင်စာတွေကို ဆက်ပြီး သုံးစွဲနေတာမို့လို့ ကမ္ဘာကြီးက ပူနွေးလာတယ်” ဟု လန်ဒန် တော်ဝင်ကောလိပ် ၊ ဂရန့်ဟမ် အင်စတီကျူ့  မှ အကြီးတန်း ကထိက ပါမောက္ခ ဖရက်ဒါရိုက်ခ် အော့သို က မှတ်ချက်ပြုခဲ့သည်။

ဘာသာပြန် – ဒါလီ

The Straits Times ၏ Record heatwave of up to 45 deg C scorches much of Asia, and it’s going to get worse by Raul Dancel, Mara Cepeda and Wahyudi Soeriaatmadja ကို ဘာသာပြန်ဆိုရေးသားသည်။