တိုက်ပွဲကြောင့် မောတောင်တွင် ဓါတ်ဆီ​စျေး ၂ ဆတက်

0
2188

တိုက်ပွဲများကြောင့် မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် ဓါတ်ဆီ​စျေး ၂ ဆကျော် မြင့်တက်ခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

တိုက်ပွဲမဖြစ်မီက ဓါတ်ဆီတစ်လီတာ ၃၅ ဘတ် (သုံးထောင်ကျပ်)ဝန်းကျင်သာ ပုံမှန်ရှိခဲ့ရာမှ လက်ရှိတွင် တစ်လီတာ  ၈၀ ဘတ် (ခြောက်ထောင်ကျပ်)ဖြင့် ဝယ်ယူသုံးစွဲနေရသည်ဟု ဒေသခံများ ကပြောသည်။

“လမ်းပိတ်နေလို့ သွားလို့လာလို့မှမရတာ။ ဓါတ်ဆီတင်မကဘူး အခြေခံစားသောက်ကုန် အားလုံး ဈေးကြီးပေးပြီး ဝယ်စားနေရတယ်”ဟု ဒေသခံအမျိုးသမီး ကပြောသည်။

မြိတ်-တနင်္သာရီ-မောတောင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းတွင် မတ်လ ၂၈ ရက်မှစပြီး ဧပြီလ ၁၂ ရက်နေ့အထိ နေ့စဥ်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး ဧပြီလ ၃ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ယင်းလမ်းကို ပိတ်လိုက်သည်။

“ကုန်ကားတွေက လက်ရှိမှာ သွားလာတာမရှိသေးဘူး။ လမ်းကပိတ်ထားဆဲပဲ ရှိသေးတယ်”ဟု မြိတ်မှမောတောင်နယ်စပ်ဂိတ်သို့ ရေထွက်ပစ္စည်း တင်ပို့နေသည့် ကားသမား ကပြောသည်။

တိုက်ပွဲဖြစ်နေစဥ်အတွင်း ဓါတ်ဆီတစ်လီတာ ဘတ်တစ်ရာနီးပါးအထိ ဈေးတက်ခဲ့ပြီး ယနေ့ ဧပြီ ၂၅ ရက်နေ့တွင် တစ်လီတာ ၇၅ ဘတ်မှ ဘတ် ၈၀ အထိပေါက်စျေးရှိနေသည်ဟု မောတောင်ဒေသခံများ ထံမှစုံစမ်းသိရှိရသည်။

မောတောင်မြို့၊ အမှတ် ၁ ရပ်ကွက်တွင် စက်သုံးဆီရောင်းချနေသည့် ဆိုင်ကြီးတစ်ဆိုင်သာရှိပြီး တနိုင်တပိုင်ရောင်းချနေသည့် ဆိုင်အများအပြားရှိကြောင်း သိရသည်။

မောတောင်မြို့သည် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်ပြီး ယင်းမြို့ရှိ မောတောင်-စင်းခွန်နယ်စပ်ဂိတ်မှတစ်ဆင့် ယခင်က နှစ်နိုင်ငံခရီးသွားများ ဝင်ထွက်သွားလာခြင်းနှင့် ကုန်စည်ကူးသန်းတင်ပို့ခြင်းများ ပြုလုပ်နေကြသည်။