ရေတွင်းဟောင်းတူးရာမှ မြေစာပိသည့်စက်ရုံလုပ်သားကို သေဆုံးလျက်ပြန်တွေ့

0
2407
ဓာတ်ပုံ - ဦးနိုင်မျိုးသွင် (ဇမ္ဗူသီရိအဖွဲ့)

ထားဝယ်မြို့နယ်၊ သပြေချောင်းရွာ၊ သပြေချောင်းအထပ်သားစက်ရုံတွင် ယနေ့ နံနက်ပိုင်းက ရေတွင်းဟောင်းကို ဆက်လက်တူးဖော်ရာတွင် ‌မြေထိန်းနံရံပြိုကျပြီး မြေစာပိနေသည့် စက်ရုံအလုပ်သမားကို သေဆုံးလျက် ပြန်တွေ့ကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၃၃ နှစ်အရွယ်ရှိ သပြေချောင်းရွာသား ကိုအောင်မျိုးသူဖြစ်ပြီး အထပ်သား စက်ရုံလုပ်သမား တစ်ဦးလည်း ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယနေ့ ဧပြီ ၂၅ ရက် နံနက် ၈ နာရီခွဲတွင် အနက် ၂၉ ပေခန့်ရှိသည့် ရေတွင်းမြေထိန်းနံရံပြိုကျကာ အဆိုပါအမျိုးသားကို မြေစာများပိသွားသဖြင့် မြေတူးစက်များဖြင့် တူးဖော်ကာ ရှာဖွေခဲ့ရကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။

ယင်းနောက် ငါးနာရီခန့်အကြာ မွန်းလွဲ ၁ နာရီ ၇ မိနစ်ခန့်က မြေအောက်အနက် ၂၀ ပေနှင့် ၇ လက်မတွင် မျက်နှာကို စတင်တွေ့ရှိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“၂၂ တန် ဘက်ဟိုးနဲ့ ရေတွင်းရဲ့နံရံတစ်ခြမ်းကို ဖြိုချပြီးမှ အလောင်းကိုတွေ့ပါတယ်” ဟု ဦးနိုင်မျိုးသွင်က ပြောဆိုသည်။

အဆိုပါအမျိုးသားတွင် ဦးခေါင်းဘယ်ဘက် ချိုင့်ဝင်နေသည့် ဒဏ်ရာတွေ့ရပြီး ရုပ်အလောင်းကို မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် အပေါ်သို့ တင်ဆောင်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ကယ်ဆယ်ရေးလုပ်ငန်းကို ဇမ္ဗူသီရိအဖွဲ့၊ ထားဝယ်ခရိုင်မီးသတ်တပ်ဖွဲ့၊ ဇမ္ဗူရတနာအဖွဲ့၊ ရင်ခုန်သံ သွေးလှူရှင်များ အဖွဲ့နှင့် ဒေသခံပြည်သူများပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။