ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်များ လေပြင်း‌တိုက်ခတ်မှုကြောင့် နေရာထိုင်ခင်းအခက်ကြုံ

0
1945

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းအနီး လေးကေ့ကော်ဒေသက စစ်ဘေးရှောင်များနေထိုင်ကြသည့် နေအိမ်အဆောက်အအုံများ လေပြင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးကြောင်း လေးကေကော်လူငယ်ကွန်ရက်ထံမှ သိရသည်။

ဧပြီလ ၂၃ ရက် ညနေ ၃နာရီခန့်က လေပွေ၊ လေပြင်းတိုက်ခတ်မှုကြောင့် ပလောတပိုစစ်ဘေးရှောင်စခန်းအတွင်းရှိ နေအိမ် ၁၀ လုံးဝန်းကျင် ထိခိုက်ပျက်စီးခဲ့ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။

ထို့ကြောင့် နေရေးထိုင်ရေးအတွက် အခက်ခဲများကြုံတွေ့နေရပြီး စစ်ဘေးရှောင်များတွင် အခြားသောအကူအညီများလည်း လိုအပ်နေကြောင်း လေးကေ့ကော်လူငယ်ကွန်ရက်မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“လုံးဝ ပျက်စီးသွားတာက တစ်လုံးပါ။ ကျန်ဆယ်လုံးခန့်က အကာပျက်တာ အမိုးပေါက်တာတွေ ရှိပါတယ်။ အဓိကလိုအပ်ချက်က ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ခြင်ထောင်၊ စောင်နဲ့ တကိုယ်ရေသုံးပစ္စည်းတွေပါ” ဟု ၎င်းက ပြောသည်။

လက်ရှိ လေးကေ့ကော်စစ်ဘေးရှာင်စခန်းတွင် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ နီးပါးရှိကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကရင်ပြည်နယ် လေးကေ့ကော်ဒေသခံများသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စ၍ ယာယီစစ်ဘေးရှောင်နေခဲ့ကြရပြီး ယခုအချိန်အထိ နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ထို့ကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အနီးတွင် စစ်ဘေးရှောင်လာသည်မှာ တစ်နှစ်ကျော် ကြာလာခဲ့ပြီဖြစ်သည်။

ဧပြီလအစောပိုင်းတွင် မြဝတီမြို့နယ် မဲကနယ်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့်လည်း အဆိုပါစစ်ဘေးရှောင်စခန်းဆီသို့ မဲကနယ်ဒေသခံများ ထပ်မံရောက်ရှိလာခဲ့ကြကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ထပ်မံရောက်ရှိလာသော မဲကနယ်အိမ်ထောင်စုများအတွက် အိုးခွက်၊ ပန်းကန်၊ ဖျာ၊ စောင်၊ ခြင်ထောင်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိနေပြီး အတတ်နိုင်ဆုံး ဝိုင်းဝန်းပြီး ကူညီလုပ်ဆောင်ပေးနေကြောင်း လေးကေကော်လူငယ်ကွန်ရက်ထံမှ သိရသည်။