ရေတွင်းဟောင်းတူးနေစဉ် မြေထိန်းနံရံပြိုကျပြီး အမျိုးသားတစ်ဦးပိတ်မိနေ

0
2271
ဓာတ်ပုံ - ဦးနိုင်မျိုးသွင်(ဇမ္ဗူသီရိ)

ထားဝယ်မြို့နယ် သဗြေချောင်းအထပ်သားစက်ရုံတွင် ယနေ့ နံနက်ပိုင်းက ရေတွင်းဟောင်းတူးဖော်နေစဉ် မြေထိန်းနံရံပြိုကျပြီး အမျိုးသားတစ်ဦး ပိတ်မိနေကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။

ဧပြီ ၂၅ ရက် နံနက် ၈ နာရီခွဲတွင် နံရံပြိုကျကာ မြေစာများ ပိနေခြင်းဖြစ်ကြောင်း ‌ဇမ္ဗူသီရိအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။

“မနက်ကတည်းက ကယ်ဆယ်ရေးလုပ်နေတာ အခုထိ ပိတ်မိနေတဲ့သူ မတွေ့ရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

ပိတ်မိနေသူကို နံနက် ၁၁ နာရီအထိ ကယ်ဆယ်ရေးလုပ်သားများက ရှာဖွေနေသော်လည်း မတွေ့ရှိရသေးကြောင်း ၎င်းက ဆိုသည်။

အဆိုပါရေတွင်းဟောင်းမှာ အနက် ၂၉ ပေခန့်ရှိပြီး နံနက် ၁၁ နာရီအထိ ၁၅ ပေအထိ တူးဖော်ထားပြီဖြစ်ပြီး နောင်ထပ် ၁၄ ပေ အထိ တူးဖော်ရန် ကျန်ရှိနေသေးကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။

“နောက်ထပ်စက်ယန္တယားတွေနဲ့ တခြားနည်းလမ်းသုံးပြီး ကယ်ဆယ်နိုင်ဖို့ကြိုးစားနေတယ်” ဟု ဦးနိုင်မျိုးသွင်က ဆက်လက်ပြောဆိုသည်။

ကယ်ဆယ်ရေးလုပ်ငန်းကို ဇမ္ဗူသီရိအဖွဲ့၊ ထားဝယ်ခရိုင်မီးသတ်တပ်ဖွဲ့၊ ဇမ္ဗူရတနာအဖွဲ့၊ ရင်ခုန်သံ သွေးလှူရှင်များအဖွဲ့နှင့် ဒေသခံပြည်သူများပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်နေခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။