ဖမ်းဆီးခံရသည့် ဖာနီရွာရာအိမ်မှူး၏ အလောင်း တနင်္သာရီမြစ်ထဲတွင်တွေ့

0
2203

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ ဖာနီရွာက ရာအိမ်မှူး ဖမ်းဆီးခံရပြီး နှစ်ရက်ကျော်အကြာတွင်  ပစ်ခတ်ခံရသည့် ဒဏ်ရာဖြင့်သေဆုံးနေပြီး ရုပ်အလောင်းကို တနင်္သာရီမြစ်တစ်နေရာတွင် တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။  

ဧပြီလ ၇ ရက်နေ့က အသက် ၅၀ အရွယ် ရာအိမ်မှူး ဦးထွန်းဝင်းနိုင်ကို တော်လှန်ရေးအဖွဲ့တစ်ခုက ဖမ်းဆီးသွားပြီး ယနေ့ ဧပြီ ၉ ရက် နံနက်တွင် တနင်္သာရီမြစ်ထဲ မျောနေသည်ကို တွေ့ရှိရကြောင်း ဒေသခံများက ဆိုသည်။

“ဖမ်းသွားတယ်လို့ ကြားပြီး ဘယ်အချိန်က အသတ်ခံရတယ်လို့ မသိရဘူး။ ဒီနေ့ရေထဲအလောင်းမျောလာမှ ဆင်းကြည့်ကြတော့ ရာအိမ်မှူးမှန်း သိတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

အလောင်းတွင် သေနတ်ဖြင့် ပစ်ခတ်ထားသည်ဒဏ်ရာတွေ့ရကြောင်း ဒေသခံတို့က ဆိုသည်။

“ခေါင်းကို သေနတ်နဲ့ ပစ်ထားတာ။ အလောင်းက မပုပ်ပွသေးဘူး” ဟု ဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။

ရာအိမ်မှူးသည် ကျေးရွာအုပ်စုတွင်နေထိုင်သည့် CDM များနှင့် တော်လှန်ရေးအဖွဲ့ဝင်များ၏ အချက်အလက်များကို စစ်ကောင်စီတပ်သို့ သတင်းပေးပို့သဖြင့် ဖမ်းဆီးခံရသူများရှိကြောင်း ဒေသခံအချို့က ဆိုသည်။

သို့သော် ယင်းပြောဆိုချကအပေါ် Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ရာအိမ်မှူးကို တနင်္သာရီအခြေစိုက်တော်လှန်ရေးအဖွဲ့ဖြစ်သည့် နဂါးနက်အဖွဲ့က ဖမ်းဆီးရှင်းလင်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တည်ထောင်ထားသည့် PVTV ရုပ်သံပေ့ခ်ျတွင် ယင်းအဖွဲ့တာဝန်ရှိသူက ယနေ့ ပြောဆိုထားသည်။

သတိအကြိမ်ကြိမ်ပေးထားသော်လည်း မလိုက်နာသဖြင့် ဖမ်းဆီးရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်းလည်း တာဝန်ရှိသူက ဆိုသည်။