ပျောက်ဆုံးနေတဲ့ သင်္ကြန်

0
2201

စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ပျောက်ဆုံးသွားသည်များထဲတွင် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်လည်း ပါဝင်သည်။

သင်္ကြန်ပွဲတော်ဆိုလျှင် မြန်မာနိုင်ငံအရပ်ရပ်တွင် တခုတ်တရ ကျင်းပလေ့ရှိကြပြီး မတူညီသည့် ရိုးရာဓလေ့များဖြင့် ဝင်ရောက်ဆင်နွှဲကြလေ့ရှိသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဆိုလျှင်လည်း သင်္ကြန်ပွဲတော် မတိုင်ခင်တွင် ကလေးသင်္ကြန်ကို ၃ ရက်ကြိုကျင်းပခြင်း၊ ရိုးရာအစားအသောက်များ လှူဒါန်းရန်ပြင်ဆင်ခြင်း၊ သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပခြင်း စသဖြင့် ပါဝင်ဆင်နွှဲလေ့ရှိကြသည်။

သို့သော် ကိုဗစ်ကူးစက်ရောဂါကာလနှင့် စစ်အာဏာသိမ်းကာလများတွင် တနင်္သာရီတိုင်းတွင်လည်း သင်္ကြန်ပွဲတော်ကို အရင်လိုကျင်းပနိုင်ခြင်း မရှိကြတော့။

ယခုနှစ်တွင် တနင်္သာရီတိုင်း၌ စစ်ကောင်စီက သင်္ကြန်ပွဲတော် စည်ကားစွာ ကျင်းပနိုင်ရန် လုပ်ဆောင်နေသည်။

သို့သော်လည်း ပြည်သူလူထုမှာ ပါဝင်ဆင်နွှဲဖွယ် မရှိသည့် အခြေအနေကို တွေ့မြင်ရသည်။

ယင်းကြောင့် သင်္ကြန်ရသ၊ သင်္ကြန်အနှစ်သာရ ပျောက်ဆုံးနေတဲ့ အကြောင်းကို ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။

“ကျွန်မတို့ အရှေ့တောမှာဆို သင်္ကြန်ပျောက်သွားတဲ့ ပုံစံမျိုးဖြစ်နေတယ်”

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးကျေးရွာမှ အသက် ၄၁ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး

DW ။ ဒီတစ်နှစ် သင်္ကြန်ကို ဘယ်လိုဖြတ်သန်းဖို့ရှိလဲ။

ဖြေ ။ ကျွန်မတို့ ဒီတစ်နှစ် သင်္ကြန်ကိုဘယ်လိုဖြတ်သန်းမလဲဆိုတာက ကျွန်မတို့က ရှောင်ရှားနေရတဲ့အတွက် ပြောရမယ်ဆို အခုလည်း ကျွန်မတို့ရှောင်နေရတာပဲ။ (စစ်ကြောင်း) ထပ်ဝင်မယ်လို့ကြားနေတော့ ကိုယ့်ရွာမှာ ကိုယ်မနေရဲလို့ အနီးနားကရွာတွေဘက်ကို ခိုလုံ ရှောင်နေရတယ်။ စစ်ကြောင်းဝင်ပြီဆို တောတောင်ကြားထဲ ပြန်ပြီးတော့ ရှောင်ရှားတယ်။

DW ။ အရင်တုန်းအခြေအနေနဲ့ အခုဘာတွေကွာခြားသွားလဲ။ သင်္ကြန်ဆိုတာကို အာရုံထဲမှာ ထည့်ဖြစ်ရဲ့လား။

ဖြေ ။ ရှောင်နေရသက်သက်ဆိုတော့ အခုသင်္ကြန်တွေဘာတွေ ဘယ်လိုလုပ်ပြီး အာရုံထဲသွားထည့်ဖြစ်မလဲ။ ကျွန်မတို့က အဲ့ဒီဟာကို (စစ်ကောင်စီတပ်စစ်ကြောင်းကို) အဓိကထားပြီး ရှောင်နေရတဲ့အတွက်ကြောင့်လေ။ အာဏာသိမ်းပြီးတည်းကပဲ သင်္ကြန်မှာ အလှူတန်းလည်း မလုပ်ဖြစ်ဘူး။ အဲ့ဒီဟာကို ကြောက်ရိုးရိုးနဲ့ပဲ ကျွန်မတို့ တောထဲမှာ ရှောင်ရှားပြီးပဲ နေနေရတယ်ဆိုတော့။ ကျွန်မတို့ အရှေ့တောမှာဆို သင်္ကြန်ပျောက်သွားတဲ့ ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်။

ကျွန်မတို့ သင်္ကန်းတုံးရွာကတော့ တစ်ရွာတစ်ကျေးမှာ သွားရှောင်နေရတယ်။ ကိုယ့်အိမ်ကိုယ့်ယာလည်း မဟုတ်ဘူးဆိုတော့ အဲ့ဒါတွေလည်း မလုပ်ဖြစ်ဘူး။ အတာ စားတဲ့သူအတွက် ဆိုရင်တော့လည်း နည်းနည်းပါးပါး လုပ်ပေးတာလောက်တော့ ရှိမယ်ပေါ့။ ကျွန်မတို့ အရှေ့တောအထဲဘက်ခြမ်းမှာ ကလေးတွေလည်း အာဏာသိမ်းပြီး ကတည်းကပဲ ရေမကစားဘူး။

DW ။ သင်္ကြန်မှာ မပျော်ဖို့ ပြောလို့လား၊ ဒါမှမဟုတ် အမတို့အခြေအနေအရကို သင်္ကြန်ဆိုတာကို ခံစားဖို့ မရတာလား။

ဖြေ ။ အခြေအနေအရပဲ ပြောရမှာပေါ့၊ အရင်ကဆို ကလေးတွေက သင်္ကြန်ဆိုရင် သိတဲ့အတိုင်းပဲလေ။ အခုတော့ ကလေးတွေလည်း မကစားကြဘူး။ ပျော်ရွှင်မနိုင်တဲ့အခြေအနေတွေ ဖြစ်လာတယ်ပေါ့လေ။ သင်္ကြန်ကျမယ် ဆိုတာလည်း သိပါတယ်။ ကျွန်မတို့အနေနဲ့ဆို သင်္ကြန်ကျတော့မယ်ဆိုတာ သိတယ်။ ကလေးတွေလည်း သင်္ကြန်ကျတော့မယ်ဆိုတာ သိသိကြီးနဲ့ ကစားခွင့်မရတော့တဲ့ အခြေအနေမျိုးရှိတယ်ပေါ့နော်။ သူတို့ကိုယ်တိုင်လည်း စစ်ဘေးရှောင်ကလေးတွေဖြစ်နေတဲ့အတွက် သူတို့ဘာသာလည်း ကြောက်နေကြတာပေါ့လေ။

DW ။ ကလေးတွေက အရင်တုန်းကလိုမျိုး သင်္ကြန်နားနီးရင် ရေပြွတ်ပူဆာတာတွေမျိုးရောရှိလား။

ဖြေ ။ မရှိဘူး။ ကလေးတွေလည်း အဲဒီဟာတွေလည်း ပူဆာတာ မရှိဘူး။ နည်းနည်းအေးနေတဲ့ ရွာတွေမှာတော့ ပျော်တဲ့သူလည်း ပျော်ချင်ပျော်ကြမှာပေါ့လေ။ ကျွန်မတို့ သားတွေကတော့ ဘယ်လိုလုပ်ပျော်ရွှင်ရမလဲ။ ကိုယ့်ရွာမှာလည်း မနေရဘူး။ တစ်ရွာတစ်ကျေးမှာဆိုတော့ စိတ်ထဲမှာလည်း ပျော်ဖို့ဘက်ကိုလည်း အာရုံမထားနိုင်ဘူး။ ကိုယ့်အိမ်ကိုယ့်ယာမှာ နေရတယ်ဆိုရင်လည်း တစ်မျိုးပေါ့လေ။

 တချိန်တုန်းကဆို သင်္ကြန်မှာ လှူတန်းနေရတယ်။ ကလေးတွေလည်း ပျော်ပါးနေကြရတယ်။ အခုချိန်မှာတော့ အလှူတန်းလည်း မလုပ်နိုင်ကြတော့ဘူး။ အားလုံးက ကြောက်ကြောက်လန့်လန့် နေနေကြရတယ်ဆိုတော့ ကျွန်မတို့မှာ ကျန်းမာရေးနဲ့ ကိုယ့်ရဲ့လုံခြုံရေးကိုပဲ အဓိကဦးစားပေးနေရတယ်။ အဲဒါပဲ ခေါင်းထဲထည့်နေရတယ်။ ကလေးတွေလည်း ကျောင်းမနေကြရဘူး။

“သင်္ကြန်ဆိုတာ ပျောက်နေတယ်”

ရေဖြူမြို့နယ်မှ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး

DW ။ ဒီနှစ်သင်္ကြန်မှာ ဘာတွေလုပ်ဖို့ရှိလဲ။ ဘာအစီအစဉ်တွေရှိလဲ။

ဖြေ ။ ကျွန်တော်တို့အဖွဲ့မှာတော့ ဘာအစီအစဉ်မှ မရှိဘူး။ သင်္ကြန်နဲ့ပတ်သက်တဲ့ ကမ်ပိန်းတစ်ခုပဲရှိတယ်။ ရေလောင်းရင်း ကိုယ်ခင်မင်တဲ့ရဲဘော်ကို လှူတာပေါ့လေ။

DW ။ မနှစ်တုန်းကရော ဘာတွေလုပ်ဖြစ်ကြလဲ။

ဖြေ ။ မနှစ်တုန်းက တော်လှန်သင်္ကြန်သံချပ်ထိုးကြတယ်။ ဘီယာဝယ်ပြီး အကင်တွေဘာတွေ လုပ်စားဖြစ်တာတော့ရှိတယ်။ ရေပက်တာတွေဘာတွေ မရှိဘူး။

DW ။ အာဏာမသိမ်းခင်ကရော သင်္ကြန်မှာ ဘာတွေလုပ်ဖြစ်လဲ။

ဖြေ ။ အာဏာမသိမ်းခင်ကတော့ သင်္ကြန်ဆို သူငယ်ချင်းအိမ်တွေမှာ ရေလိုက်ပက်တယ်။ သင်္ကြန် ၃ ရက်မှာ ၂ ရက်က သူငယ်ချင်းအိမ်မှာ ရေလိုက်ပက်တယ်။ ၁ ရက်က သင်္ကြန်လည်တယ်၊ သူငယ်ချင်းတွေနဲ့ အရင်တိုင်ပင်တယ်။ ဒီနှစ်ဘယ်အိမ်မှာ ရေပက်ကြမယ်ဆိုပြီး စီစဉ်တယ်။ တစ်နှစ်ကတော့ ကျွန်တော်တို့ အိမ်မှာပဲ ညီကိုသုံးယောက် သူငယ်ချင်းတွေနဲ့အတူ ရေပက်တယ်။ နည်းနည်းပါးပါးသောက်တယ် စားတယ်။ သင်္ကြန်တော့မလည်ဖြစ်ဘူး။ မုန့်လုပ်စားတာတွေတော့ မရှိဘူး။

အထဲမှာလည်း သင်္ကြန်ဆိုတာ ပျောက်နေတယ်။ ကျွန်တော်တို့ဘာလို့ မပျော်ကြလဲဆို အပြင်က ပြည်သူတွေကိုလည်း ရေမကစားကြဖို့ ပြောထားတယ်။ အဲဒီလိုဆိုတော့ ကျွန်တော်တို့အထဲမှာ ရဲဘော်တွေအနေနဲ့ ပျော်ပျော်ပါးပါး ရေလောင်းလိုက် ဘာလိုက်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ မတရားဘူးလို့မြင်တယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ရေမလောင်းဘူး။ ရေမကစားဘူး။ ဒီနှစ်တော့ သံချပ်ထိုးဖို့ မရှိဘူး။

“ကျွန်တော်ကြီးလာတော့ သင်္ကြန်လည်းမရှိတော့ဘူး”

လောင်းလုံးမြို့နယ်က အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး

DW ။ ဒီနှစ်သင်္ကြန်မှာ ဘာလုပ်မယ်စိတ်ကူးထားလဲ။

ဖြေ ။ သင်္ကြန်မှာ ပျော်တော့ ပျော်ချင်တယ်။ လျှောက်လည်ချင်တယ်။ ဒါပေမဲ့ ဘယ်လိုလာမလဲ မသိသေးဘူး။ ကြိုပြီးစီစဉ်ထားတာတော့ ဘာမှမရှိဘူး။

DW ။ ဘာဖြစ်လို့ ကြိုမစီစဉ်ဖြစ်တာလဲ။

ဖြေ ။ စီစဉ်စရာဘာမှ မရှိဘူးလေ။

DW ။ အာဏာမသိမ်းခင် ပုံမှန်အခြေအနေ သင်္ကြန်တုန်းကဆိုရင်ရော ဘယ်လိုဖြတ်သန်း‌လေ့ရှိလဲ။

ဖြေ ။ အရင်တုန်းက ကျွန်တော်က ငယ်သေးလို့ သင်္ကြန်မလည်ဖူးဘူး။ လူကြီးတွေခေါ်မှလိုက်ရတယ်။ ဆိုင်ကယ်လည်းမစီးတတ်သေးဘူး။ ရေကစားတာကတော့ အိမ်နားမှာပဲကစားခိုင်းတယ်။ ကြီးလာမှ သင်္ကြန်ကဲမယ် လုပ်ထားတာ။ ဆံပင်တွေဆေးဆိုးမယ်။ အဲလိုတွေးထားတာ။ ကျွန်တော်ကြီးလာ (လူပျိုပေါက်အရွယ်ရောက်လာ) တော့ သင်္ကြန်လည်းမရှိတော့ဘူး။

DW ။ အာဏာမသိမ်းခင်ကသင်္ကြန်နဲ့ အခုဒီနှစ်သင်္ကြန်ဘယ်လိုကွာခြားမှုတွေရှိလဲ။

ဖြေ ။ ကွာခြာတာကတော့ အရင်ကနဲ့မတူတော့ဘူး။ ဘယ်လိုမတူလဲဆိုတော့ ကပွဲတွေမရှိတော့ဘူး။ အရင်ကဆို ရွာမှာ မဏ္ဍပ်ဆောက်နေပြီ။ သံချဲ့စက်တွေဖွင့်နေပြီ။ အခုကဘာမှကိုမရှိဘူး။ ခြောက်ကပ်ကပ်ရှိတုန်းပဲ။

‌DW ။ အခုသင်္ကြန်ကျတော့မယ်။ စိတ်ထဲဘယ်လိုခံစားရလဲ။

ဖြေ ။ ရှမ်းပြည် (ထိုင်းနိုင်ငံ) ကို သွားချင်နေတယ်။ အဲဒီမှာ သင်္ကြန်သွားကျချင်နေတယ်။

DW ။ ဘာဖြစ်လို့လဲ။

ဖြေ ။ သင်္ကြန်ပြီးရင် ရှမ်းပြည်ဆင်းတော့မှာ။ အဲဒါကြောင့်ခုကတည်းကဆင်းချင်နေတာ။ အခုကတည်းကဆင်းမှ သင်္ကြန်မီမှာ။ သင်္ကြန်ပြီးမှဆို ဘာမထူးတော့ဘူးလေ။ ဒီမှာက သင်္ကြန်လည်း မရှိဘဲနဲ့။

DW ။ အရင်တုန်းကဆိုရင် သင်္ကြန်ဆိုရင် ထိုင်းမှာအလုပ်လုပ်နေတဲ့သူတွေက မြန်မာပြည်ထဲပြန်လာကြတယ်။ အခုကပြောင်းပြန်ဖြစ်နေပါလား။

ဖြေ ။ ဟုတ်တယ်။ ကျွန်တော်အစ်မက ဒီနှစ်သင်္ကြန်ပြန်လာဖို့လုပ်ထားတာ။ သူတို့အိမ်လာဆောက်ကြမလို့။ အိမ်ဆောက်ပြီးရင် ပြန်သွားမှာ။ အဲဒီကျမှကျွန်တော်လိုက်ဖို့လုပ်ထားတယ်။ အခုကမပြန်လာဖြစ်တော့ဘူးတဲ့။ အဲကြောင့် ကျွန်တော်တစ်ယောက်တည်း ဝင်လိုက်သွားမှာ။ (အစ်မဖြစ်သူ) မလာဖြစ်တော့တာက ဒီမှာက အခြေအနေဆိုးနေတယ်လေ။ ထီးခီးလမ်းကနေလည်း လာလို့မရဘူးလို့ (ပွဲစားက) ပြောတယ်တဲ့။ အဲဒါကြောင့် မလာဖြစ်တော့ဘူး။ နောက်နှစ်မှ အခြေအနေကြည့်ပြီးပြန်လာမယ်လို့ပြောနေတယ်။

“သင်္ကြန်ရဲ့အနှစ်သာရ၊ ရသတွေတော့ အရင်တစ်ချိန်ကလို မရလာနိုင်သေးဘူးပေါ့”

မြိတ်မြို့နေ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦး။

DW ။ ပြီးခဲ့တဲ့နှစ်တွေကဆိုရင် သင်္ကြန်ကို ဘယ်လိုဖြတ်သန်းခဲ့လဲ။

ဖြေ ။ သင်္ကြန်မလည်ဖြစ်တာဆိုရင် ကိုဗစ်ဖြစ်တုန်းက သင်္ကြန်မရှိဘူး။ လူစုလူဝေးမလုပ်ရဆိုတော့ သင်္ကြန်လည်း မရှိဘူးပေါ့နော်၊ နောက်တော့ နိုင်ငံရေးအပြောင်းအလဲဖြစ်တော့ သင်္ကြန်ကျမယ့်သူ မရှိသလောက်ပဲ။ အချို့တစ်ယောက်တစ်လေတော့ ရေလောင်းတာ၊ သောက်စားပျော်ပါးတာတွေတော့ ရှိတာပေါ့၊ ဒါပေမဲ့ သင်္ကြန်ကျတယ်လို့ပြောလို့မရဘူး၊ ဒီတော့ သင်္ကြန်မလည်ဖြစ်တာ သုံးနှစ်ရှိတာပေါ့နော်။

DW ။ စစ်ကောင်စီက သင်္ကြန်ပွဲကျင်းပတဲ့ အပေါ်မှာရော ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ သင်္ကြန်မကျဖြစ်တာ ကိုဗစ်နဲ့ဖြစ်တာက တစ်ကြောင်း၊ နိုင်ငံရေးက တစ်ကြောင်းပေါ့။ ကိုဗစ်က နိုင်ငံတော်က ပိတ်တာကိုး၊ နိုင်ငံရေးနဲ့ဆိုရင် သင်္ကြန်မှာ သီးသန့်ပိတ်တာမရှိဘူး၊ လူတွေကပဲ ကိုယ့်ဟာနဲ့ကိုယ် ဟိုဘက်ကမလုပ်ရ၊ ဒီဘက်က မလုပ်ရဆိုပြီး ပြောလို့ ကြောက်ပြီးပဲ မလုပ်ဖြစ်ကြတာ၊ တကယ်တော့ လူတွေရဲ့ရင်ထဲမှာ သင်္ကြန်ဆိုတာ ရှိပြီးသားပဲ၊ ဒီနှစ်လည်း ဒီလိုပဲ ပိတ်တာက ဘယ်နေရာမှ မရှိဘူး၊ ကိုယ်လုပ်ရဲရင် ကိုယ်ရတယ်၊ တကယ်တန်းတော့ လူတွေလည်း မွမ်းကျပ်လာပြီ ပျော်ရွှင်ချင်ကြတယ်။ အချို့နေရာတွေကျတော့ လူထုကကြောက်ကြလို့၊ လုံခြုံရေးအားနည်းလို့၊ မအေးချမ်းတဲ့ နေရာတွေနဲ့ တည်ငြိမ်မှုမရှိကြတဲ့ နေရာတွေမှာကျလည်း လုပ်ချင်သော်လည်းပဲ ရင်ထဲမှာပဲထားပြီး မလုပ်ကြဘူးပေါ့။

DW ။ ပြီးခဲ့တဲ့နှစ်တွေက ကိုဗစ်နဲ့နိုင်ငံရေးအပြောင်းအလဲကြောင့် သင်္ကြန်ရဲ့အငွေ့အသက်တွေ ပျောက်ဆုံးသွားတယ်လို့ ပြောလို့ရမလား။

ဖြေ ။ ရတယ်၊ သင်္ကြန်မှမရှိတာ၊ သင်္ကြန်မရှိတော့ သက်ကြီးပူဇော်ပွဲတွေ၊ နှစ်ဆန်းတစ်ရက်နေ့ကျရင် သံဃာတွေ ပင့်ပြီး လမ်းတိုင်းလမ်းတိုင်း အန္တရာယ်ကင်း ပရိတ်တရားနာတာတွေ မုန့်လုံးရေပေါ် စတုဒီတာကျွေးတာတွေ မတွေ့ရတော့ဘူး၊ ဒါတွေမရှိတော့ သင်္ကြန်ရဲ့ အနှစ်သာရတွေ ပျောက်သွားတယ်လို့ ပြောလို့ရတယ်ဗျ။

DW ။ ဒီနှစ်မှာရော သင်္ကြန်ရဲ့အနှစ်သာရ၊ သင်္ကြန်ရဲ့ရသတွေ ရှိနိုင်ဦးမလား။

ဖြေ ။ သင်္ကြန်ပွဲရှိပြီ‌ဆိုရင် သင်္ကြန်ရဲ့အနှစ်သာရ၊ ရသတွေတော့ ရှိလာမှာပဲ။ ဒါကလည်း အခုအခြေအနေအရဆိုရင် အာဏာရှိတဲ့သူတွေက လုပ်ကြတဲ့ပွဲတွေမှာ ရှိတဲ့သဘောပါ၊ ဒါပေမဲ့ ဟိုးအရင်တစ်ချိန်တစ်ခါက ကိုဗစ်မဖြစ်ခင်က‌ဆိုရင် လွတ်လွတ်လပ်လပ် နှစ်တိုင်းရိုးရာအတိုင်း ကျင်းပတာဆိုတော့ သင်္ကြန်အနှစ်သာရ၊ ရသက အစစ်အမှန်တွေပဲ၊ ဒီလိုမျိုးတွေကတော့ ပျောက်ဆုံးနေဦးမှာပဲ။

DW ။ အခြားဖြည့်စွက်ပြောချင်တာများ ရှိမလား။

ဖြေ ။ မြန်မာမှန်ရင် သင်္ကြန်ပိုးကြွသူချည်းပဲ။ သင်္ကြန်ရဲ့အနှစ်သာရ၊ ရသတွေတော့ အရင်တစ်ချိန်ကလို မရလာနိုင်သေးဘူးပေါ့။