ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာနချုပ် လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ

0
2370

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ် ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံတို့က ပြောသည်။

တပ်မ ၄၄ ဌာနချုပ်ဝန်းအတွင်းကို ယနေ့ နံနက် ၁၀ နာရီခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF၊ KNU/KNLA ပူးပေါင်းအဖွဲ့၊ ဘီးလင်း (ပကဖ) နှင့် ကျိုက်ထို (ပကဖ) စသည့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် တပ်မ ၄၄ ဌာနချုပ်ဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ‌ဒေသခံတို့ထံမှ သိရသည်။

“တပ်မ ၄၄ ဌာနချုပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်မှုရှိခဲ့တယ်။ အဲဒီလက်နက်ကြီးတွေက ငှက်ပျော်တောကျေးရွာဘက်မှာ ကျကွဲတယ်လို့သိရတယ်။ အသေးစိတ်တော့ မသိသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်ကလည်း ဘီးလင်းမြို့နယ် မဲလံ BGF စခန်းကို KRF၊ KNU/KNLA ပူးပေါင်းအဖွဲ့နှင့် ဘီးလင်း (ပကဖ) ပူး‌ပေါင်းအဖွဲ့တို့က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိ နှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုအချို့လည်းရှိသည်ဟုလည်း ကျိုက်ထိုတော်လှန်ရေးအင်အားစုဘက်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်ကလည်း စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသေးသည်။

ယင်းသို့ တိုက်ခိုက်ခံရစဉ်ကလည်း စစ်ကောင်စီတပ်ဘက်က ကျေးရွာများဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင်း ကျေးရွာ ရှစ် ရွာထက်မနည်းက ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။