တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာအနီး စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

0
2162

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာအနီး ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ဆယ်ဘီးကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၄ ရက်နေ့ နေ့လယ်ပိုင်းက မိုင်းဆွဲခံရခြင်းဖြစ်ပြီး ယင်းနောက် စစ်ကောင်စီတပ်သားများက လမ်းဘေးဝဲယာသို့ လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။

“တရစပ်ပစ်ပြီး မောင်းပြေးသွားတာ။ ပြည်သူတွေ ထိခိုက်တာတွေတော့ လောလောဆယ် မကြားရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဘက်ကမူ စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ဆယ်ဘီးကားအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ဆယ်ဦးခန့် ထိခိုက်ဒဏ်ရာရသွားကြောင်း ယနေ့ ဧပြီလ ၅ရက် နံနက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောပုန်းကြီးအဖွဲ့နှင့် တနင်္သာရီ ပကဖ တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်အုပ်ချုပ်ရေးကြေညာထားရသည့် တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်မှုများကြောင့် ပြည်ထောင်စုလမ်းပေါ်တွင် နှစ်ဖက်တိုက်ပွဲများ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသည်။

ယင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များက မြိတ်မြို့နယ် ကြေးနန်းတိုင်တံတားမှ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိ ခရီးသွားလာခြင်းမပြုရန် တားမြစ်ထားသည်။

ခရီးသည်ကားအချို့မှာ လိုက်နာခြင်းမရှိဘဲ သွားလာနေသလို စစ်ကောင်စီတပ်ကလည်း ရောနှောလိုက်ပါ လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပြင်ဆင်ချက်

‘အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ လက်အောက်ခံ တောပုန်းကြီးအဖွဲ့နှင့် တနင်္သာရီ ပကဖ တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်’ ဟူသောအပိုဒ်တွင် နားလည်မှုလွဲမှားပြီး ‘မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ လက်အောက်ခံ တောပုန်းကြီးအဖွဲ့’ ဟု ရေးသားခဲ့မိခြင်းအပေါ် စာဖတ်သူများနှင့် သက်ဆိုင်သူများကို အနူးအညွတ်တောင်းပန်အပ်ပါသည်။

အယ်ဒီတာ