လောင်းလုံးဆေးရုံတွင် ကလေးငယ်များကို ကာကွယ်ဆေး ယနေ့ ပြန်ထိုးပေး

0
2100

လောင်းလုံးဆေးရုံတွင် ကလေးများကို ယနေ့ (မတ်လ ၃၁) ကာကွယ်ဆေး ပြန်ထိုးပေးနေပြီဖြစ်ကြောင်း ကလေးငယ်ကို ကာကွယ်ဆေးထိုးရန် ဆေးရုံသို့ ရောက်ရှိနေသည် မိခင်များနှင့် ဆေးရုံနှင့် နီးစပ်သူတို့ထံမှ သိရသည်။

‌လောင်းလုံးဆေးရုံတွင် ဖေဖော်ဝါရီလအတွင်း ကလေး ကာကွယ်ဆေးထိုး‌ပေးခြင်းကို ရပ်နားခဲ့ခြင်းဖြစ်ပြီး ယခုမတ်လတွင် ပြန်ထိုးပေးရန်ဆောင်ရွက်လာခြင်းဖြစ်သည်။

လောင်းလုံးဆေးရုံတွင် ကာကွယ်ဆေးထိုးပေးနေခြင်းမှာ မှန်ကန်ကြောင်း ဆေးရုံနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီတွင် စတင်ထိုးပေးမည်ဖြစ်ပြီး လက်ရှိတွင် စာအုပ်တင်ထားရကြောင်း ကလေးမိခင်တစ်ဦးက ပြောဆိုသည်။

လောင်းလုံးဆေးရုံတွင် ဖေဖော်ဝါရီလက ကာကွယ်ဆေးထိုးနှံခြင်းကို ရပ်နားလိုက်သဖြင့် မြို့နယ်အတွင်းနေထိုင်သူများမှာ ထားဝယ်မြို့သို့ သွားရောက်ထိုးနှံခဲ့ရသည်။

“လောင်းလုံးမှာကျတော့ နီးနီးနားနားအဆင်ပြေဆုံးပဲ။ ထားဝယ်မှကျတော့ တကူးတက သွားနေရသေးတယ်။ ကလေးငယ်ငယ်လေးကို အဝေးကြီးခေါ်ခေါ်သွားနေရတာ သိပ်အဆင်မပြေဘူး။ အခုက နေလည်းအရမ်းပူတယ်လေ” ဟု ကလေးမိခင်တစ်ဦးက ဆိုသည်။

လောင်းလုံးဆေးရုံတွင် ကလေးများကာကွယ်ဆေးထိုးနှံပေးခြင်းကို တစ်လလျှင်တစ်ကြိမ် လကုန်ရက် (လစာထုတ်ရက်) တွင်သာ ထိုးနှံပေးလေ့ရှိသည်။

ထားဝယ်တွင်မူ ဧပြီလ ၇ ရက်တွင် ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။